၂. ၉. ၂၀၂၅
Written by Nyein Kyaw

ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား တက်ရောက်နေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အဆိုပါအခမ်းအနား၏ နေ့လယ်စာစားပွဲနှင့် ဖျော်ဖြေပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်လျက်ရှိသည်။

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် အလုပ်သဘောခရီးစဉ် ရောက်ရှိနေသည့် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံ တီယန်ကျင်းမြို့တွင် ဩဂုတ် ၃၁ ရက်နှင့် စက်တင်ဘာ ၃၁ ရက်အထိ နှစ်ရက်ကြာ ပြုလုပ်ခဲ့သည့် SCO SUMMIT 2025 Plus သို့ တက်ရောက်ခဲ့သည်။

တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာ ၂ ရက် (ယမန်နေ့) နံနက်ပိုင်းက တီယန်ကျင်းမြို့မှ ပေကျင်းမြို့သို့ အမြန်ရထားဖြင့် ထွက်ခွာခဲ့ပြီး ယနေ့ တွင် အဆိုပါ အခမ်းအနားသို့ ကမ္ဘာ့နိုင်ငံ့ခေါင်းဆောင်များနှင့်အတူ တက်ရောက်နေခြင်းဖြစ်သည်။

တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား မစတင်မီနှင့် နေ့လယ်စာစားပွဲ၊ ဖျော်ဖြေပွဲများ တက်ရောက်ချိန်တွင် အခမ်းအနားသို့ တက်ရောက်လာသည့် ရုရှားသမ္မတပူတင်အပါအဝင် နိုင်ငံတကာမှ နိုင်ငံ့ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
