၃.၉.၂၀၂၅
Written by KL
လူနှစ်ဦးသေဆုံးပြီး ခြောက်ဦးမီးလောင်ဒဏ်ရာ ရရှိခဲ့သော မန္တလေးမြို့၊ အမရပူရမြို့နယ်၊ စစ်ကိုင်း-မြစ်ငယ်လမ်းခွဲ၊ ဥယျာဥ်တော်ကျေးရွာ၊ ကျောက်စိမ်းဘုရားအနီးရှိ လက်ဖက်ရည်ဆိုင်မီးလောင်မှုဖြစ်ပွားအောင် အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့သော ဆီဘောက်ဆာယာဥ်မောင်းကို အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဥ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက် နံနက် ၆ နာရီ ၄၂ မိနစ်ခန့်က 7 Stars လက်ဖက်ရည်ဆိုင်ကို ကိုစိုးသူ ၂၉ နှစ် မောင်းနှင်လာသော ရန်ကုန်မှ မုံရွာသို့ သွားမည့် ဆီဂါလံ ၉၀၀၀ ကျော်တင်ဆောင်လာသည့် ဆီဘောက်ဆာယာဥ်က ဆိုင်ကယ်ကိုရှောင်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ချော်ကျကာ လက်ဖက်ရည်ဆိုင် အရှေ့ဘက်ကပ်လျက် နေအိမ်ခြံဝင်းတံခါးနှင့် အုတ်တံတိုင်းကို ဝင်တိုက်ပြီးနောက် ဆီတိုင်ကီပေါက်ကာ လက်ဖက်ရည်ဆိုင်ရှိ အကြော်ဖိုအား ဝင်တိုက်၍ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
မီးလောင်မှုကြောင့် သွပ်မိုး၊ မြေစိုက်တစ်လုံး၊ လက်ဖက်ရည်ဆိုင်ပစ္စည်းများနှင့် ဆီများ၊ ဆီဘောက်ဆာယာဥ်တစ်စီးတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အသက် ၅၇ နှစ်အရွယ် အမျိုးသားကြီးတစ်ဦးနှင့် အခြားအမျိုးသားတစ်ဦးတို့သေဆုံးခဲ့ပြီး အမျိုးသမီး သုံးဦး၊ အမျိုးသား ၃ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ရာ တစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် ဆီဘောက်ဆာယာဥ်မောင်း အသက် ၂၉ နှစ်အရွယ်ကိုစိုးသူကို မြစ်ငယ်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၃၇၊ ၃၃၈၊ ၃၀၄(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။






