၃.၉.၂၀၂၅
Written by KL
ရှမ်းပြည်နယ်( အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊မိုင်းဖုန်း (က)ကျေးရွာအုပ်စု ဝမ်နားကျေးရွာရှိ ဈေးဆိုင်တစ်ဆိုင်တွင် ထိုင်းဘတ်ငွေ တစ်ထောင်တန်ဖြင့် စျေးဝယ်သူ အမျိုးသားနှစ်ဦးကို စက်တင်ဘာလ ၁ ရက်နေ့တွင် ပူးပေါင်းအဖွဲ့က ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
အမျိုးသားနှစ်ဦးက ထိုင်းဘတ်ငွေအတုကို သုံးကာစျေးဝယ်ခဲ့ကြောင်း သတင်းရရှိသဖြင့် တာချီလိတ်တပ်နယ်မှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က လိုက်လံရှာဖွေ ဖမ်းဆီးရာမှ ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ထိုင်းငွေစက္ကူအတုကိုင်ဆောင်၍ စျေးဝယ်ခဲ့သူ နှစ်ဦးမှာ အသက် ၂၈ နှစ်အရွယ် စည်သူနိုင်နှင့် အသက် ၂၇ နှစ်အရွယ် ဝင်းနိုင်တို့ဖြစ်ကြောင်း သိရသည်။
၎င်းတို့နှစ်ဦးကို မိုင်းဖုန်း(က)အုပ်စု ခုတ်ဝကျေးရွာ၊တာချီလိတ်-ဝမ်ပုံသွားကားလမ်းဘေးတွင် ထိုင်းဘတ်ငွေ တစ်ထောင်တန် အတု ၁၇ ရွက်နှင့် ဆိုင်ကယ်တစ်စီးကိုပါ ဖမ်းမိခဲ့ကြောင်း သိရသည်။
“ဖမ်းမိတဲ့ ထိုင်းဘတ်ငွေ တစ်ထောင်တန်အတုတွေကလည်း အက္ခရာတူ၊ ဂဏန်းတူတွေပါ ” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။
ထိုင်းငွေစက္ကူအတုကိုင်ဆောင်သူများကို ဝမ်ပုံနယ်မြေရဲစခန်းမှ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
