◾️ ယာယီသမ္မတသည် စစ်ရေးပြအခမ်းအနားမစတင်မီ ပါဝင်တက်ရောက်လာကြသည့် နိုင်ငံတကာမှ နိုင်ငံ့ခေါင်းဆောင်များနှင့် တစ်ဦးချင်းတွေ့ဆုံ၍ နိုင်ငံအလိုက် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့
၃. ၉. ၂၀၂၅
Written by Nyein Kyaw
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ၏ ဖိတ်ကြားချက်အရ ပေကျင်းမြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ပေကျင်းမြို့၊ Tiananmen ရင်ပြင်၌ ကျင်းပပြုလုပ်သည့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားသို့ ပါဝင်တက်ရောက်သည်။
အဆိုပါအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖိန်၊ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံတကာမှ ဖိတ်ကြားထားသည့် နိုင်ငံ့အကြီးအကဲများ၊ အစိုးရအဖွဲ့များ၊ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ တရုတ်ပြည်သူများ တက်ရောက်ကြသည်။
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံတကာမှ တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး သတ်မှတ်နေရာတွင် နေရာယူကြရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတက တစ်ဦးချင်းရင်းရင်း နှီးနှီးနှုတ်ဆက်ခဲ့သည်။
ထို့နောက် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံတကာမှ တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံတကာမှ တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များသည် တရုတ်ပြည်သူသမ္မတနိုင်ငံ သမ္မတ ဦးဆောင်နိုင်ငံ့အကြီးအကဲများ စစ်ရေးပြအခမ်းအနား ကြည့်ရှုမည့် Tiananmen Rostrum ရှုစင်သို့ တက်ရောက်နေရာယူကြသည်။
ထို့နောက် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနား အားကျင်းပပြုလုပ်ရာ ဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတက မိန့်ခွန်းပြောကြားပြီး စစ်ရေးပြတပ်ဖွဲ့များအား မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးပြီးနောက် စစ်ရေးပြတပ်ဖွဲ့များက တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတနှင့် တက်ရောက်လာကြသည့် နိုင်ငံ့အကြီးအကဲများအား စစ်ရေးပြအစီအစဉ်အတိုင်း ချီတက်အလေးပြုကြသည်။
ထို့နောက် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတကာမှ ဖိတ်ကြားထားသည့် နိုင်ငံ့အကြီးအကဲများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လည်စာစားပွဲသို့ တက်ရောက်ကြသည်။
ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်ရေးပြအခမ်းအနားမစတင်မီအချိန်တွင် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့်ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားသို့ ပါဝင်တက်ရောက်လာကြသည့် နိုင်ငံတကာမှ နိုင်ငံ့ခေါင်းဆောင်များနှင့် တစ်ဦးချင်းရင်းရင်းနှီးနှီးတွေ့ဆုံ၍ နိုင်ငံအလိုက် ပူးပေါင်းဆောင်ရွက် နိုင်ရေးကိစ္စရပ်များအား ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။










