
၂ .၉.၂၀၂၅
Written by Thiri
အလင်္ကာကျော်စွာမြို့မငြိမ်း ရေးစပ်သီကုံးထားတဲ့ “လူချွန်လူကောင်း” အမည်ရှိ သီချင်းကို အမွေဆက်ခံတဲ့ မြို့မငြိမ်းမိသားစုထံ အသိပေးခွင့်ပြုချက်ရယူခြင်းမရှိဘဲ နိုင်ငံရေး၊ စီးပွားရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတစ်ရပ်၊ ပုဂ္ဂိုလ်တစ်စုတစ်ဖွဲ့က ၎င်းတို့ ကိုယ်ကျိုးအတွက် သီချင်းတစ်ပုဒ်လုံးကိုဖြစ်စေ၊ သီချင်းရဲ့ စာသား တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ အသုံးပြုခြင်း၊ သီဆိုခြင်း ၊ ဖြန့်ဝေခြင်း ၊ လွှင့်ထုတ်ခြင်းတို့ကို သီချင်းရဲ့ မူပိုင်ရှင်ဖြစ်တဲ့ မြို့မငြိမ်းမိသားစုက ကန့်ကွက်ကြောင်း မြို့မငြိမ်းမိသားစုဝင်တချို့က သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဒီကနေ့ စက်တင်ဘာ ၂ ရက်နေ့မှာ အသိပေးကြေညာထားပါတယ်။
အလင်္ကာကျော်စွာ မြို့မငြိမ်းဟာ အဆိုပါ လူချွန် လူကောင်းသီချင်းကို ၁၉၅၂ ခုနှစ်က ရန်ကုန်မြို့မှာ ကျင်းပတဲ့ ပြည်တော်သာညီလာခံ အတွက် ရေးစပ်ခဲ့ကြောင်း၊ ပြည်တော်သာညီလာခံမှာ မြန်မာပြည်တဝှမ်းမှ သီချင်းရေးဆရာတွေက ညီလာခံဂုဏ်ပြုသီချင်းတွေ ရေးစပ်ခဲ့ကြတဲ့အနက် ဆရာကြီး မြို့မငြိမ်းက ပြည်တော်သာညီလာခံအတွက်မျှသာ မဖြစ်စေဘဲ ခေတ်မီတိုးတက်သော အနာဂတ် မြန်မာနိုင်ငံတော်အတွက်အထိ အမြော်အမြင်ကြီးစွာနဲ့ အဆိုပါသီချင်းကို ဖန်တီး ရေးစပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသီချင်းမှာ နိုင်ငံတော်ရဲ့ အမျိုးသားရေးဆိုင်ရာ မျှော်မှန်းချက် ပုံရိပ်အဖြစ် ထင်ရှား ကျန်ရစ်ခဲ့တာကို ဂီတပညာရှင်ကြီးတွေ စာပေပညာရှင်ကြီးတွေအထိ ယခုတိုင် ဂုဏ်ပြုနေကြကြောင်းလည်း ဖော်ပြရေးသားထားပါတယ်။
အလင်္ကာကျော်စွာ မြို့မငြိမ်းရဲ့ အမွေဆက်ခံ မိသားစုဝင်တွေထဲက မြေး တော်စပ်သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “အလင်္ကာကျော်စွာ မြို့မငြိမ်းတို့ ဦးဆောင်တည်ထောင်ခဲ့သည့် မြို့မအပျော်တမ်းတူရိယာအသင်း၏ တာဝန်ရှိသူများအနေနှင့်လည်း ဖခင်ကြီး၏ သီချင်းများကို အသင်းက လက်ခံတီးမှုတ်သော ဧည့်ခံဖျော်ဖြေပွဲများတွင် သီဆိုတီးမှုတ်ခြင်းများမှအပ အခြား ဂီတထုတ်လုပ်ခြင်းများ၊ အခြားနိုင်ငံရေး စီးပွားရေး အဖွဲ့အစည်းများ၏ အကျိုးစီးပွားအတွက် အသုံးပြုခြင်းများကို မြို့မငြိမ်းမိသားစု၏ သဘောတူခွင့်ပြုချက်မရဘဲ ပေးအပ် ရောင်းချခွင့် ပြုခွင့် မရှိကြောင်းလည်း အသိပေးအပ်ပါသည်။” လို့ ရေးသားမျှဝေ အသိပေးထားပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ကျော် ကိုလိုနီခေတ်ဦးကာလက နဂါးနီစာအုပ်အသင်းကြီးရဲ့ မူဝါဒတွေကို ရေးသားဖွဲ့ဆိုထားတဲ့ ဂီတစာဆို ရွှေတိုင်ညွန့် ရေးဖွဲ့သီကုံးပြီး၊ မင်းသား ခင်မောင်ရင် ဓာတ်ပြားသွင်းခဲ့တဲ့ နဂါးနီ သီချင်းကိုလည်း တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက မူပိုင်ခွင့် ဝယ်ယူကာ အသင်းရဲ့စည်းရုံးရေးတေးသွားအနေနဲ့ လက်ရှိအသုံးပြုနေတာလည်း ရှိပါတယ်။
ဒါ့အပြင် ၂၀၂၃ အောက်တိုဘာ ၃၂ ရက်မှာ စတင်အသက်ဝင်တဲ့ စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေအရ စာပေနဲ့ အနုပညာဖန်တီးမှုတွေဟာ ဖန်တီးသူ ကွယ်လွန်ပြီး အနှစ် ၅၀ အထိပဲ စီးပွားရေးဆိုင်ရာ အကာအကွယ်ပေးထားတာ တွေ့ရပြီး အနှစ် ၅၀ ကျော်သွားရင်တော့ ဖန်တီးသူရဲ့ သိက္ခာမထိခိုက်အောင် အများပြည်သူက သုံးစွဲခွင့်ရှိတယ်လို့ ဖော်ပြချက်တွေ ပါရှိတာလည်း တွေ့ရပါတယ်။ မြို့မငြိမ်းဟာ ၁၉၅၅ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှာ ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ သိရပြီး လာမယ့် စက်တင်ဘာ ၁၅ ရက်မှာ ကွယ်လွန်တာ အနှစ် ၇၀ ပြည့်မှာဖြစ်ပါတယ်။
