သတိုး
၂. ၉. ၂၀၂၅
ထိုင်းနိုင်ငံ၊ စစ္စကတ်ပြည်နယ်က အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးဟာ စွန့်ပစ်ထားတဲ့ ကလေးငယ်တစ်ဦးကို တွေ့ရှိကြောင်း ရဲကိုအကြောင်းကြားခဲ့ပြီး နောက်ပိုင်းမှာ အဲဒီကလေးငယ်က သူမရဲ့ရင်သွေးဖြစ်ကြောင်း ဝန်ခံခဲ့သလို သူမက မိဘတွေကို အဖြစ်မှန်ဖုံးကွယ်ဖို့ ဇာတ်လမ်းဆင်ခဲ့တယ်ဆိုတာလည်း ဝန်ခံခဲ့ပါတယ်။
ဖြစ်စဉ်မှာ မူအန်း စစ္စကတ်ခရိုင်၊ နောင်ကွတ်ဝေ အများပြည်သူပန်းခြံအနီးက နှစ်ထပ်အိမ်တစ်လုံးမှာ နေထိုင်တဲ့ ဆယ်ကျော်သက် ကျောင်းသူမိန်းကလေးငယ်က မွေးကင်းစကလေးငယ်တစ်ဦးကို လမ်းဘေး စွန့်ပစ်ထားမှု တွေ့ရှိကြောင်း ဩဂုတ် ၃၁ ရက်ညနေပိုင်းက သတင်းပို့မှု ရရှိပြီးနောက်မှာ မူအန်းစစ္စကတ်ရဲစခန်းက အရာရှိတွေဟာ အခင်းဖြစ်ပွားရာနေရာ သွားရောက်ခဲ့တာပါ။

ရဲတွေက အခင်းဖြစ်ကြောင်း သတင်းပို့တဲ့ဆီ ရောက်ရှိချိန်မှာ မွေးကင်းစ ကလေးငယ်ကို လမ်းဘေးမှာ မတွေ့ခဲ့ဘဲ အလွန်ဖြူဖျော့နွမ်းနယ်နေတဲ့ အသက် ၁၂ နှစ်အရွယ် သတင်းပေးသူ မိန်းကလေးက သူမနေအိမ်ထဲ ကလေးကို ခေါ်ယူထားတယ်လို့ ပြောဆိုမှုကို တွေ့ခဲ့ရပါတယ်။
ဒီလိုတွေ့ဆုံချိန်မှာ မိန်းကလေးက အစပိုင်းမှာတော့ သူမက စွန့်ပစ်ခံ ကလေးငယ်ကို သူမရဲ့အိမ်အပြင်ဘက်မှာ တွေ့ရှိခဲ့လို့ ရဲတပ်ဖွဲ့ကို သတင်းပို့တိုင်ကြားခဲ့ပေမဲ့ ကလေးငယ် လုံခြုံစေဖို့အတွက် အိမ်ထဲ ခေါ်လာခဲ့တာလို့ ရဲတွေကို ပြောကြားခဲ့တာပါ။ သို့ပေမယ့်လည်း မိန်းကလေးငယ်က အလွန်အမင်း ဖြူဖျော့ ထိတ်လန့်နေတာကြောင့် ရဲအရာရှိတွေက သံသယဝင်ခဲ့ကြပါတယ်။
အဲဒီနောက် ထပ်မံစစ်ဆေးမေးမြန်းမှုတွေအရ မိန်းကလေးဟာ အဲဒီနေ့ညနေ ၄ နာရီခန့်အချိန်က သူမ အိပ်ခန်းထဲမှာ တစ်ဦးတည်း ကလေးမွေးဖွားခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ သူမမှာ ချစ်သူရှိတယ်လို့ မိဘတွေကို မပြောပြထားဘဲ ဗိုက်ကြီးကာ ကိုယ်ဝန်ဆောင် ကလေးမွေးခဲ့ရတဲ့ အမှန်တရားကို ဖွင့်ဟပြောဆိုဖို့ ကြောက်ရွံ့ခဲ့ကြောင်းလည်း ဝန်ခံခဲ့တာပါ။ ဒါကြောင့် သူမက ကလေးမွေးပြီးချိန်မှာ လမ်းဘေးက စွန့်ပစ်ကလေး ကောက်ရတယ်လို့ သူမက မိသားစု၊ ပတ်ဝန်းကျင်နဲ့ ရဲတပ်ဖွဲ့ကို လိမ်လည်ပြီး သူမ လိမ်လည်မှု အောင်မြင်ရင် သူမကလေးကို သူမက ပြန်ပြီး မွေးစားဟန်ဆောင်ဖို့ မျှော်လင့်ချက်နဲ့ ဇာတ်လမ်းဆင်ခဲ့တာကိုလည်း ပြန်လည် ထွက်ဆိုရှင်းပြခဲ့ပါတယ်။

အဲဒီနောက်မှာ ထိုင်းရဲတပ်ဖွဲ့က တစ်ဦးတည်း ကလေးမွေးထားတာကြောင့် သွေးအလွန်အကျွံဆုံးရှုံးပြီး အားအင်ချိနဲ့နေတဲ့ မိန်းကလေးငယ်ကို ဆေးရုံ အမြန်ပို့ဆောင်ခဲ့ပါတယ်။ အခင်းဖြစ်စဉ်အချိန်က သူမရဲ့မိဘတွေ နေအိမ်မှာမရှိပေမဲ့လည်း နောက်ပိုင်းမှာ ရဲအရာရှိတွေက အခြေအနေကို အကြောင်းကြား ဆက်သွယ်ခဲ့ကြပြီး အသက် ၁၂ နှစ်အရွယ် သမီးက ရည်းစားနဲ့ ကိုယ်ဝန်ရပြီး ကလေးမွေးတဲ့ ဖြစ်စဉ်နဲ့ သားအမိနှစ်ဦးကို မိဘတွေက လက်ခံဖို့ ဖျောင်းဖျခဲ့ကြရာမှာတော့ မိန်းကလေးငယ်ရဲ့ မိဘတွေက ၁၂ နှစ်အရွယ်သမီးနဲ့ မြေးကို ဆေးရုံကနေ အိမ်ပြန်ခေါ်သွားကြတယ်လို့ သိရပါတယ်။
ဒါပေမဲ့လည်း မိန်းကလေးငယ်က အရွယ်မရောက်သေးတဲ့ ကျောင်းသူဖြစ်နေတဲ့အတွက် အမှုနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ထိုင်းရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပါဘူး။

အချို့သော ဆိုရှယ်မီဒီယာအသုံးပြုသူတွေက မိန်းကလေးငယ်ဟာ သူမ အသက်အရွယ်နဲ့ မိခင်ဖြစ်ဖို့ အဆင်သင့်မဖြစ်သေးပေမဲ့လည်း ကလေးကို မစွန့်ပစ်ဘဲ သူမရဲ့ကလေးကို ကိုယ်တိုင် ထိန်းသိမ်းစောင့်ရှောက်လိုတဲ့ စိတ်ဓာတ်အတွက် ချီးကျူးခဲ့ကြပါတယ်။
Ref , The Thaiger
