MT YU HAI သင်္ဘော ဆီချလုပ်ငန်းဆောင်ရွက်နေစဉ် (Photo - Commerce)

၆. ၁၀.၂၀၂၂
Written by Thettant

စက်သုံးဆီ ဂါလန် ငါးသန်းကျော် ဆီချနေပြီး ဆီလက်ကျန် ဖူလုံနေကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သိရသည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီအမျိုးအစားအလိုက် ဖူလုံမှုရှိစေရေး စိစစ်တင်သွင်းဆောင်ရွက်လျက်ရှိရာ စက်သုံးဆီတင်သွင်းမှု အခြေအနေမှာ အောက်တိုဘာ ၁ ရက်နေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal တွင် MT Intan Premier သင်္ဘောသည် ဓာတ်ဆီ 92 Ron (၂.၀၉) ဂါလံသန်းနှင့် ဓာတ်ဆီ 95 Ron (၀.၁၇) ဂါလံသန်း ဆီချလုပ်ငန်းဆောင်ရွက်ခဲ့သည်။

ထို့နောက် အောက်တိုဘာ ၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါ ဆိပ်ကမ်းရှိ Terminal ၌ MT YU HAI သင်္ဘောမှ ဓာတ်ဆီ 92 Ron (၁.၈၇) ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ (၃.၁၈) ဂါလန်သန်း စုစုပေါင်း ၅ ဒသမ ၀၅ ဂါလန်သန်း ဆီချလုပ်ငန်းစတင်ဆောင်ရွက်လျက်ရှိပြီး စက်သုံးဆီလက်ကျန်အခြေအနေအရ စက်သုံးဆီဖူလုံမှုရှိကြောင်း သိရသည်။

အောက်တိုဘာ ၆ ရက်တွင် ယခင်ရက်က တစ်လီတာ ကျပ် ၁၈၈၀ အထိ ကျဆင်းခဲ့သည့် 92 Ron မှာ အောက်တိုဘာ ၆ ရက်တွင် ကျပ် ၁၉၆၀ သို့ ပြန်တက်လာခဲ့ပြီး 95 Ron မှာလည်း တစ်လီတာ ၁၉၂၅ ကျပ်မှ တစ်လီတာ ၂၀၅၀ ကျပ်သို့ ပြန်တက်လာခဲ့သည်။ ထိုနည်းတူ ဒီဇယ်ဆီမှာလည်း အောက်တိုဘာ ၅ ရက်တွင် ကျပ် ၂၄၈၀ မှ အောက်တိုဘာ ၆ ရက်တွင် ၂၅၇၅ ကျပ်သို့ ပြန်လည်မြင့်တက်ခဲ့ပြီး ပရီမီယံဒီဇယ်မှာလည်း တစ်လီတာ ၂၅၆၅ ကျပ်မှ ကျပ် ၂၆၆၀ သို့ ပြန်လည်မြင့်တက်ခဲ့သည်ဟု စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ရည်ညွှန်းစျေးနှုန်းများအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *