အကောက်ခွန်ဦးစီးဌာနက ဖမ်းမိခဲ့သော Drone တစ်စီးကို မြင်ရစဉ်

၆. ၁၀. ၂၀၂၂
Written by Thettant

နယ်စပ်ကုန်သွယ်မှု ဆိပ်ကမ်းနှင့် လေကြောင်းကုန်သွယ်မှုများမှ တရားမဝင်တင်သွင်းလာသည့် သစ်၊ စက်လှေနှင့် မော်တော်ယာဉ် ၉၇၄ သိန်းကျော်ဖိုး ဖမ်းဆီးရမိခဲ့သည်ဟု တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

အောက်တိုဘာ ၁ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုက်ရေယာဉ်(၁၁၆)မှ စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကမ်းကြီးကျေးရွာအုပ်စု စပါးလှိုင်းကျွန်း၏ အနောက်ဘက်ရေပြင်၌ စက်လှေတစ်စင်းပေါ်မှ တရားမဝင် သပြေသစ်ခွဲသား၊ ကဒွတ်သစ်ခွဲသား ၅ ဒသမ ၂၂၅ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၈၃၇၅၀) နှင့် အဆိုပါ သစ်များတင်ဆောင်လာသော စက်လှေ တစ်စင်းနှင့် ဆက်စပ်ပစ္စည်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၃၃၇၅၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ အောက်တိုဘာ ၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဟင်္သာတခရိုင် ကြံခင်းမြို့နယ် ခုံကြီးဘိနယ်၌ တရားမဝင်ပျဉ်းကတိုးသစ် ၀ ဒသမ ၆၁၆၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၃၂၄၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ အောက်တိုဘာ ၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသည့် Marine Equipment – High Configuration Computer Machine တစ်လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၀၀၀၀၀) ကိုလည်းကောင်း၊ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ သွင်းကုန်ကြေညာလွှာ (ID)နှင့် ကိုက်ညီမှုမရှိသော အားကစားပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၅၈၀၆၃၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်လိုင်စင်သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိသော Toothpaste Packing Material Flex Overprint Varnish E-50 ၁၅၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၁၇၈၅၀) ကိုလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၅၉၈၄၈၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၄ ရက်တွင် မြဝတီ(OSS) ကုန်သွယ်ရေးဇုန်၌ မော်တော်ယာဉ်တစ်စီးပေါ်မှ အကောက်ခွန်မဲ့ Foam Slipper ၈၂၅၀ စုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၆၂၆၀၀) ကိုလည်းကောင်း၊ အောက်တိုဘာ ၅ ရက်တွင် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်တစ်စီးပေါ်မှ အကောက်ခွန်မဲ့ ကလေးဝတ် ဘောင်းဘီရှည်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၀၀၀၀၀)ကိုလည်းကောင်း၊ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင် Bulldozer Crawler တစ်ခု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော Nissan Diesel အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၅၆၂၆၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။

၎င်းအပြင် အောက်တိုဘာ ၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ရှိ စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Light Truck အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပိုကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်နှင့် သာယာဝတီခရိုင်အတွင်း တရားမဝင် ကျွန်းသစ်၊ ပျဉ်းကတိုး သစ်ခွဲသား၊ မျောက်ငိုသစ်ခွဲသားနှင့် ဒီးဒူးခွဲသား ၄ ဒသမ ၇၀၁၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၇၁၉၂၄) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် အောက်တိုဘာ ၁ ရက်၊ ၂ ရက်၊ ၄ ရက်နှင့် ၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၃)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၇၄၈၉၉၉၄) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *