၆.၁၀. ၂၀၂၂
Written by Nay Moe

ပြည်သူများကို လုယက်တိုက်ခိုက်နေသည်ဟုဆိုကာ CDF-Mara နှင့် NUG ၏ လက်အောက်ခံ MATC-MDF ချင်း PDF နှစ်ဖွဲ့အကြား စွပ်စွဲတိုက်ခိုက်သတ်ဖြတ်မှုများ ဖြစ်ပွားနေကြောင်း အဆိုပါ ချင်း PDF နှစ်ဖွဲ့၏ အပြန်အလှန်ထုတ်ပြန်ချက်များအရ သိရသည်။

လတ်တလောဖြစ်စဥ်တွင် ချင်းလန်းကာကွယ်ရေးတပ်ဖွဲ့- မရာ (CDF-Mara) က အောက်တိုဘာ ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ချက်ထုတ်ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်တွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃ ရက်တွင် MATC-MDF မှ CDF-MARA ဌာနချုပ်မှ တပ်မဟာ (၂)၊ အမှတ် (၃) တပ်ရင်းသို့ လက်နက်မပါဘဲ (အရပ်ဝတ်ဖြင့်) ပြန်လာကြသော CDF-Mara တပ်သားများသည် MATC/MDF ၏ ချောင်းမြောင်းပစ်ခတ်ခြင်းကိုခံခဲ့ကြရပြီး ချောင်းမြောင်းပစ်ခတ်ခြင်းကိုခံခဲ့ရသော CDF-Mara တပ်သားများသည် လက်နက်မပါသောကြောင့် ပြန်ခုခံနိုင်ခြင်းမရှိဘဲ၊ အထိအခိုက်မရှိအောင်ဆုတ်ခွာခဲ့ကြသည်။၂၀၂၁ ခုနှစ်၊ မတ် ၂၅ ရက်တွင်လည်း MATC-MDF တို့က လက်နက်မဲ့ CDF-Mara တပ်ခွဲမှူး (ရဲ CDM)အား သတ်ဖြတ်ခြင်း၊ စစ်ဦးစီးချုပ်နှင့် အခြားတပ်သား နှစ်ဦး (စုစုပေါင်း သုံးဦး) ဒဏ်ရာရစေခြင်းများ ကျူးလွန်ခဲ့သလို၊ ယခုလည်း CDF-Mara အား ရည်ရွယ်ချက်ရှိရှိ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကို CDF-Mara အနေဖြင့် လိုအပ်သလို တုန့်ပြန်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်ဟု CDF-mara ဗဟိုအလုပ်အမှုဆောင်ကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။

NUG က ပံ့ပိုးထောက်ပံ့နေသော MATC (မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ)၊ MDF (မရာနယ်မြေကာကွယ်ရေးတပ်ဖွဲ့) က စက်တင်ဘာ ၁ ရက်တွင် ထုတ်ပြန်ထားသည့်စာ၌ CDF-Mara အမည်ခံ လက်နက်ကိုင် လူတစ်စုက မရာနယ်မြေအတွင်း ပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့် ကျူးလွန်နေသည့်လုပ်ရပ်များနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ရာတွင် MDF-mara က MATC ၏ ၂၀၂၂ စည်းရုံးရေးခရီးစဥ်တွင် MATC ခေါင်းဆောင်များနှင့် တပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဇွန်လတွင် ဧဝံဂေလိအသင်း ပိုင် COME ကိုယ်ပိုင်အထက်တန်းကျောင်းအား မီးရှို့ခြင်း၊ ဇူလိုင်လတွင် မရာဧဝံဂေလိအသင်းတော်ရုံးချုပ်၏ အထွေထွေအတွင်းရေးမှူးနှင့် ဘဏ္ဍာထိန်းအား ဖမ်းဆီးချုပ်နှောင်ခြင်း၊ လိုင်လင်းပီမြို့ရှိ မရာဧဝံဂေလိအသင်းတော်ရုံးချုပ်သို့ လက်နက်ဖြင့်ဝင်ရောက်ပြီး ရုံးအတွင်းရှိ သိက္ခာတော်ရဆရာတော်များ၊ ပါစတာများနှင့် ရုံးဝန်ထမ်းများအား ခြိမ်းခြောက်ခြင်း၊ ဒေသခံပြည်သူများထံမှ မတရားငွေကြေးတောင်းခံခြင်း၊ ပြည်သူလူထု၏ သွားလာမှုများကို ခရီးသွားလာခွင့်လက်မှတ်ရောင်းချ၍ သွားလာစေပြီး မဝယ်ယူပါက ခရီးသွားလာခွင့်ပိတ်ပင်ခြင်း၊ CDF-mara တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်လျက် ပထိန်တလာနှင့် တီးရိုတောင်ကျောများကို စေလွှတ်ကာ ပြည်သူများအား လက်နက်ဖြင့် ခြိမ်းခြောက်ပြီး ပြည်သူများ၏ ကားသော့ အဓမ္မဖြုတ်ယူကာ ကျပ်သိန်းပေါင်းများစွာဖြင့် ပြန်လည်ရွေးယူစေခြင်း၊ လိုင်လင်းပီမြို့ရှိ သိက္ခာတော်ရဆရာတော်နှစ်ပါးနှင့် ပြည်သူတစ်ဦးအား ၎င်းတို့ကျုးလွန်မှုသတင်းဖြန့်သည်ဟု စွပ်စွဲကာ သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခြင်း၊ CDMer တစ်ဦးအား နေအိမ်သို့ဝင်ရောက်ကာ အကြမ်းဖက်စီးနင်း ရိုက်နှက်တိုက်ခိုက်ခြင်းများကို ကျုးလွန်ခဲ့သည်ဟု ကြေညာထားသည်။

အဆိုပါ ကျုးလွန်မှုများအပြင် တိုက်နယ်ဥပဒေပြုကောင်စီဝင်တစ်ဦး၊ တိုက်နယ်စီမံနှင့် ကျေးရွာစီမံ ပူးတွဲဥက္ကဋ္ဌတစ်ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးကော်မတီဝင်တစ်ဦးတို့ကိုလည်း CDF-mara က ဖမ်းဆီးခဲ့သဖြင့် CDF-mara ၏ လုပ်ရပ်များမှာ ပြည်သူ့တော်လှန်ရေးအသွင်သဏ္ဍာန်နှင့် ဆန့်ကျင်နေပြီး လူတစ်စုစာအကျိုးအမြတ်၊ ပုဂ္ဂိုလ်ရေးမုန်းတီးမှုနှင့် မကျေနပ်မှုများအပေါ် အခြေတည်သည့် အကြမ်းဖက်လုပ်ရပ်များကို ဦးတည်နေသဖြင့် အဆိုပါလုပ်ရပ်များ ရပ်တန်းကရပ်ရန် သတိပေးခဲ့သော်လည်း လိုက်နာခြင်းမရှိသဖြင့် CDF-mara ၏ လုပ်ရပ်များအပေါ် အပြင်းအထန်ရှုတ်ချပြီး အရေးယူမှုများကို ပြည်သူနှင့် လက်တွဲ၍ လိုအပ်သလိုပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် မရာမျိုးနွယ်စုနှင့်သက်ဆိုင်သည့်အရေးဖြစ်၍ တိုက်ရိုက်သက်ဆိုင်မှုမရှိသော အဖွဲ့အစည်းများက ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် ကြေညာချက်ထုတ်ပြန်ထားသည်။

အဆိုပါ ဖြစ်စဥ်အတွက် CDF-mara သို့ ဆက်သွယ်မေးမြန်းရာ မေးမြန်းမှုသိရှိသော်လည်း တုံပြန်ဖြေဆိုမှုမရှိသကဲ့သို့ MATC-MDF ကလည်း တုံပြန်မှုမရှိသေးချေ။ NUG အနေဖြင့် နွေဦးတော်လှန်ရေးအတွက် PDF များ ပကဖများ ဖွဲ့စည်းပြီးနောက် NUG ၏ စည်းရုံးသိမ်းသွင်းမှုများအား နာခံမှုမရှိသည့် NUG ၏ Chain of Command တွင် ပါဝင်ခြင်းမရှိသော Local People Defence Force အဖွဲ့များအား တိုက်ခိုက်ချေမှုန်းရန် ညွှန်ကြားထားသည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။ PDF အချင်းချင်းအကြား လူ ၂၀ ကျော်သတ်ဖြတ်ခဲ့သည့် ယင်းမာပင်ဖြစ်စဥ်တွင် NUG ဩဇာခံ ဗိုလ်သံမဏိ၏ ယင်းမာပင် PDF အဖွဲ့က Hero Tiger Force PDF များနှင့် ပြည်သူ ၂၀ ကျော်ကို တိုက်ခိုက်သတ်ဖြတ်မှုအား NUG က အရေးမယူနိုင်သကဲ့သို့ ဝက်လက်နယ်တွင်လည်း NUG ၏ ဩဇာခံ ဝက်လက်ပကဖ (၂) အဖွဲ့က ဗိုလ်ကျားကြီး LPDF အဖွဲ့အား တိုက်ခိုက်သတ်ဖြတ်နေမှုကို ဗိုလ်ကျားကြီးအဖွဲ့က NUG ထံ တိုင်ကြားထားသော်လည်း တုံပြန်အရေးယူမှုမရှိသကဲ့သို့ယခု ချင်း PDF အဖွဲ့နှစ်ခုဖြစ်စဥ်တွင်လည်း မည်သည့်တုံပြန်မှုမျှ ပြုလုပ်ခြင်းမရှိချေ။

Leave a Reply

Your email address will not be published. Required fields are marked *