မင်္ဂလာဒုံစျေးမြင်ကွင်းများကို တွေ့ရစဥ်

၆. ၁၀. ၂၀၂၂

Written by Thi Ha

မင်္ဂလာဒုံမြို့နယ် တပ်မြို့စည်ပင်သာယာအပိုင် မြေပေါ်ရှိ မဂ်လာဒုံစျေးမျက်နှာစာမှ တိုးချဲ့ဆိုင်ခန်း အများစု ယခုလ ၁၃ရက်နေ့တွင် ဖယ်ရှား ရှင်းလင်းရမည်ဟု အဆိုပါနေရာတွင် ဆိုင်ခန်းဆောက်လုပ်ရောင်းချနေသူများထံမှ သိရသည်။

အမှတ် ၄ ကန်တိုမင်ကွင်း ယခင် ကားဝန်းအဟောင်း အပါအဝင်၊ မြေ ၂၃. ၅၄ ဧက အတွင်း ပါဝင်ရောက်ရှိနေသော ဖယ်ရှားခံရမည့် ဆိုင်ခန်းများမှာ စုစုပေါင်း ၉၃ ခန်းရှိပြီး၊ အများစုမှာ အိမ်ဆိုင်သဘောမျိုး နေထိုင်ရောင်းချလျှက်ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်တွင် မင်္ဂလာဒုံ တပ်မြို့စည်ပင်သာယာရေးကော်မတီမှ ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ(နှင်ထုတ်ခြင်း ) အက်ဥအဒေ ပုဒ်မ ၃ အရ နို့တစ်စာကို ဖျက်သိမ်းရမည့် ဆိုင်ခန်းပိုင်ရှင်များထံ ပေးပို့ခဲ့ကြောင်းသိရသည်။

နို့တစ်စာတွင် ပေးပို့သည့် ရက်မှ ၁၅ ရက်အတွင်း ဆိုင်ခန်းများ ပြောင်းရွှေ့ဖယ်ရှားပေးရမည်ဖြစ်ပြီး လိုက်နာမှု မရှိပါက အနိုင်အထက်ပြု ဖယ်ရှားမည်ဟုလည်း ပါရှိသည်။

ဖယ်ရှားခံရမည့်နေရာမှ ကုန်မာဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ” နေရာအစားပြန်ပေးမှာမျိုးလည်း မရှိပါဘူး။ ဒီအတိုင်းဖယ်ပေးရမှာပါ။ အရင်ကတော့ ဒီဆိုင်ခန်းတွေအတွက် လစဥ် ဆိုင်ခွန်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်ကို ဆောင်ရတယ် ။ အခုနောက်ပိုင်းမဆောင်ရတာ ၃ နှစ်လောက် ရှိပြီ။ အခုတော့ ဖျက်ရမယ် စာထွက်လာတာပေါ့ ” ဟု ဆိုသည်။

ကပ်ရောဂါ အခြေအနေ၊ နိုင်ငံစီးပွားရေးအကျပ်အတည်း နှင့် အခက်အခဲများကြောင့် ပြည်သူများအနေနှင့် အလုံးစုံ ဒုက္ခရောက်နေချိန်ဖြစ်၍ စျေးဆိုင်များအပေါ် အချိန်ကာလ တစ်ခုအထိ ငဲ့ညှာပေးစေလိုကြောင်းလည်း ဆိုင်ခန်းနေထိုင်သူတို့က ဆိုသည်။ နေစရာမဲ့သွားရုံတင်မက စီးပွားရေး လုပ်ကိုင်စရာ နေရာပါ ပျောက်ပျက်ရမည့် အခြေအနေမို့ တပ်မြို့စည်ပင်ထံ လူစုပြီး အသနားခံစာ တင်ထားကြောင်းနှင့် ယခုရက်ပိုင်းအတွင်း တစ်စုံတစ်ခု အမိန့်စာ အပြောင်းအလဲ ဖြစ်ဖို့ကိုလည်း မျှော်လင့်ဆုတောင်းနေကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *