Puma Energy ၏ လေယာဥ်ဆီ သိုလှောင်ဖြန့်ဖြူးသည့် လုပ်ငန်းခွင်ကို တွေ့ရစဥ် (Photo- Puma Energy)

၆. ၁၀. ၂၀၂၂
Written by Tha Doe

Puma Energy ကုမ္ပဏီအနေဖြင့် Puma Energy Asia Sun (PEAS) နှင့် နိုင်ငံပိုင် မြန်မာ့ရေနံဓာတုလုပ်ငန်းတို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော National Energy Puma Aviation Services Co Ltd. (NEPAS) မှ ရှယ်ယာများကို ပြည်တွင်းကုမ္ပဏီတစ်ခုသို့ ရောင်းချကာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း Puma Energy က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ စက်သုံးဆီစျေးကွက်အတွင်းသို့ ၂၀၁၅ ခုနှစ်ကတည်းက ဝင်ရောက်မြှုပ်နှံခဲ့သည့် Puma စွမ်းအင်ကုမ္ပဏီသည် Asia Sun Energy (ASE) နှင့် အကျိုးတူပူးပေါင်းပြီး Puma Energy Asia Sun (PEAS) အမည်ဖြင့် မြန်မာနိုင်ငံ၏ ရေနံထွက်ကုန်ဖြန့်ဖြူးမှုကဏ္ဍတွင် လေယာဉ်ဆီနှင့် အခြားလောင်စာဆီ တင်သွင်းရောင်းချခြင်းလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံခဲ့ကာ မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းဖြင့် အကျိုးတူပူးပေါင်း၍လည်း National Energy Puma Aviation Service (NEPAS) ဖက်စပ်ကုမ္ပဏီ ထူထောင်၍ လေယာဉ်ဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲ ဖြစ်စဉ်များကြောင့် Puma စွမ်းအင်ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံရှိ ၎င်း၏ လုပ်ငန်းများကို ယာယီရပ်ဆိုင်းထားကြောင်း ကြေညာခဲ့ပြီးနောက် ယခုနှစ်အစောပိုင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားမှုမှ ထွက်ခွာရန် ဘုတ်အဖွဲ့က ဆုံးဖြတ်ခဲ့သည်။

ထို့ကြောင့် Puma Energy ပိုင်ဆိုင်သည့် Puma Energy Asia Sun (PEAS) နှင့် National Energy Puma Aviation Service (NEPAS) မှ အစုရှယ်ယာများကို ပြန်လည်ရောင်းချရန် စီစဉ်ခဲ့ပြီး Puma Energy ၏ အောက်တိုဘာ ၅ ရက် ထုတ်ပြန်ချက်အရ ပြည်တွင်းကုမ္ပဏီတစ်ခုထံ Puma ၏ ရှယ်ယာများ ရောင်းချရန် သဘောတူညီမှု ရရှိထားပြီး ဖြစ်သည်ဟုလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *