◾️ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးမှုတွင်လည်း အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအတွက် အမြဲတမ်းရပ်တည်ပေးလျက်ရှိမှု၊ နိုင်ငံရေးအရအာမခံချက်ရှိမှုတို့ကို ရရှိခဲ့ဟုပါ ပြောကြား
၂. ၉. ၂၀၂၅
Written by Nyein Kyaw
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်သမ္မတ ရှီကျင့်ဖိန်တို့ တွေ့ဆုံဆွေးနွေးနိုင်မှုအတွင်း နိုင်ငံရေးအရ အသိအမှတ်ပြုမှု၊ နိုင်ငံတကာရေးအရ အသိအမှတ်ပြုမှုနှင့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ကူညီနိုင်မှုများကို အတည်ပြုပေးလိုက်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် ကျင်းပမည့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ တီယန်ကျင်းမြို့မှ ပေကျင်းမြို့သို့ ယနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် အမြန်ရထားဖြင့်ထွက်ခဲ့စဉ် အမြန်ရထားပေါ်တွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများသို့ အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
“နောက်တစ်ခုက ဒီအစည်းအဝေးပွဲကနေပြီးတော့ ကျွန်တော်တို့က တရုတ်သမ္မတကြီးနဲ့ ဆွေးနွေးနိုင်ခဲ့တယ်။ တရုတ်သမ္မတကြီး မစ္စတာရှီကျင်းဖိန်နဲ့ အဲဒီဆွေးနွေးပွဲမှာ အနှစ်ချုပ်ပြောရရင်တော့ မြန်မာနိုင်ငံအတွက် ဘာအကျိုးအမြတ်ရှိတုန်း။ နံပါတ်တစ်အကျိုးအမြတ်ကတော့ နိုင်ငံရေးအရအသိအမှတ်ပြုမှု၊ နိုင်ငံတကာရေးအရ အသိအမှတ်ပြုမှု၊ နံပါတ်သုံးအချက်ကတော့ မြန်မာနိုင်ငံမှာကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာ တရုတ်နိုင်ငံအနေနဲ့ အသိအမှတ်ပြုမှု၊ ပြီးရင် အထွေထွေ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကူညီနိုင်မှု ဒါတွေကို သူကအတည်ပြုပေးလိုက်တာရှိတယ်။ နောက်တစ်ခုက ကျွန်တော်တို့အနေနဲ့က နောက်တစ်ခု ဘာအကျိုးအမြတ်လဲဆိုတော့ မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးပေါ့နော်။ ဖွံ့ဖြိုးတိုးတက်ရေးအနေနဲ့လည်း တရုတ်နိုင်ငံအနေနဲ့ ဆက်လက်ပြီးတော့ ကူညီသွားမယ်ဆိုတဲ့ အာမခံချက်တွေ ရရှိခဲ့တာဖြစ်တယ်။ နောက်ပြီးတော့ တရုတ်သမ္မတကြီးနဲ့ တွေ့တဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ လိုအပ်တဲ့၊ မြန်မာနိုင်ငံမှာ လိုအပ်တဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ဟာတွေအကုန်လုံးကို ဆက်လက်ပြီးတော့ ရပ်တည်သွားမယ်။ အကူအညီပေးမယ်ဆိုတာလည်း ရရှိခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်းအင်အားကြီးနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးမှုတွင်လည်း အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအတွက် အမြဲတမ်းရပ်တည်ပေးလျက်ရှိမှု၊ နိုင်ငံရေးအရအာမခံချက်ရှိမှုတို့ကို ရရှိခဲ့ပြီး လာအိုနိုင်ငံသမ္မတနှင့် တွေ့ဆုံချိန်တွင် လျှပ်စစ်စွမ်းအင်ကိစ္စရရှိခဲ့ကြောင်း သိရသည်။
“နောက်တစ်ခုက ကျွန်တော်တို့ ဒီဟာမှာပဲ ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်း အင်အားကြီးအိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်မစ္စတာမိုဒီနဲ့လည်း ကျွန်တော်တို့တွေ့ဆုံနိုင်ခဲ့တယ်။ တွေ့ဆုံပြီး ဆွေးနွေးနိုင်ခဲ့တယ်။ တွေ့ဆုံဆွေးနွေးတဲ့အခါမှာလည်း ဒီလိုပါပဲ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အိန္ဒိယနိုင်ငံအနေနဲ့က အမြဲတမ်းရပ်တည်ပေးလျက်ရှိမှုတွေ၊ နိုင်ငံရေးအရ အာမခံချက်ရှိမှုတွေ၊ ပြီးရင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကျွန်တော်တို့လုပ်ဆောင်ပေးနိုင်တယ်။ ဒါတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဆွေးနွေးနိုင်ခဲ့တယ်။ ဒါ့အပြင် ကျွန်တော်တို့က လာအိုသမ္မတနဲ့လည်း သီးခြားဆွေးနွေးနိုင်ခဲ့တယ်။ သီးခြားဆွေးနွေးအခါမှာ လာအိုနဲ့ ကျွန်တော်တို့ လုပ်မယ့် လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ နယ်စပ်ဖြတ်ကျော်ကဏ္ဍ၊ အလုပ်သမားကဏ္ဍတွေ ဒါတွေကိုကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့တယ်။ ဒါ့အပြင် SCO အစည်းအဝေးတက်တဲ့အခါမှာ တခြားခေါင်းဆောင်တွေ မလေးရှားနိုင်ငံဝန်ကြီးချုပ်တို့အပါအဝင် တခြားခေါင်းဆောင်တွေနဲ့လည်း အစည်းအဝေးခန်းမမှာ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ ထိပ်သီးအစည်းအဝေး (SCO) သို့ တက်ခဲ့မှုသည် မြန်မာနိုင်ငံအတွက် နေရာတစ်ခုတည်း၌ အိမ်နီးချင်းအင်အားကြီးနိုင်ငံ့ခေါင်းဆောင်များနှင့် ဒေသတွင်းနိုင်ငံ့ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနိုင်ခဲ့သလို အောင်မြင်မှုများလည်း ရရှိခဲ့ကြောင်း သိရသည်။
“ပြောရမယ်ဆိုရင် အောင်မြင်တဲ့တွေ့ဆုံမှု ဒီနေရာတစ်နေရာတည်းမှာပဲ ဒေသခေါင်းဆောင်တွေနဲ့ အိမ်နီးနားချင်းခေါင်းဆောင်တွေနဲ့ တွေ့ရတာ တကယ်လည်း အောင်မြင်တဲ့ဟာ၊ အောင်မြင်တဲ့တွေ့ဆုံဆွေးနွေးဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ဒီခရီးစဉ်က ဒါအကျိုးများစွာဖြစ်ထွန်းစေတဲ့ ခရီးစဉ်ဖြစ်တယ်ဆိုတာကို ကျွန်တော်အနေနဲ့ ပြောကြားလိုပါတယ်” ဟုဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။



