၂.၉.၂၀၂၅
Written by Hey Mar
လုယက်ခံရပြီး ဓားနဲ့ အန္တရာယ်ပြုခံရတဲ့လူငယ်တစ်ဦး စားသောက်ဆိုင်ရှေ့အရောက်မှာ ဒဏ်ရာကြောင့်လဲကျခဲ့လို့ တာဝန်သိပြည်သူတချို့သိရှိပြီး သက်ဆိုင်ရာနဲ့ လူမှုကူညီရေးအသင်းထံ အကြောင်းကြားခေါ်ယူပေးခဲ့ရတဲ့ ဖြစ်စဉ် မနေ့ကစက်တင်ဘာ ၁ ရက်နေ့ ည ၉ နာရီကျော်အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းဘူတာရုံလမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ မြတ်ကုသိုလ်လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းဘူတာရုံလမ်းမကြီး၊ မြို့ဟောင်း(၁၁)လမ်းထိပ်မှာ လူငယ်တစ်ဦးဓားထိုးခံထားရကြောင်း အနီးအနားပတ်ဝန်းကျင်မှ မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်း(ရုံးချုပ်)ဆီ ဖုန်းဆက်အကူအညီတောင်းခံမှုကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အတူ မြတ်ကုသိုလ်အသင်းမှ မြေပြင်အကူအညီ သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ရောက်သွားတော့ ဒဏ်ရာနဲ့ လဲနေတယ်။ တခြားနေရာမှာ လုယက်ခံရပြီး ဒီဘက်ကို ပြေးလာတာလို့ ပြောတယ်။ စားသောက်ဆိုင်ရှေ့မှာ လဲကျသွားတာ” လို့ မြတ်ကုသိုလ် လူမှုကူညီရေးအသင်းတာဝန်ရှိသူက MT News ကို ပြောပါတယ်။
အခင်းဖြစ်နေရာအရောက် ကိုဝေလျှံဖြိုး အသက်(၂၃)နှစ်မှာ ဝဲရင်အုံထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဝဲနားရွက်ပြတ်ရှဒဏ်ရာ၊ ဝဲပေါင်ထိုးသွင်းဒဏ်ရာတွေ (အဝါရောင်အဆင့်)ရရှိထားတာကို တွေ့ရှိရတဲ့အတွက် မြေပြင်ပြုစု First-Aid ပေးပြီး ဆေးကုသမှု အချိန်နဲ့တစ်ပြေးညီ ခံယူနိုင်ဖို့နဲ့ ရဲလုပ်ငန်းစဉ်တွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ အင်းစိန်ဆေးရုံဆီ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။


