◾️ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် လာအိုနိုင်ငံကလည်း မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအား ထောက်ခံအားပေးလျက်ရှိဟု ဆို
၁. ၉. ၂၀၂၅
Written by Nyein Kyaw

တရုတ်နိုင်ငံသို့ အလုပ်သဘောခရီး ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Thongloun Sisoulith နှင့် ယနေ့ ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီတွင် တီယန်ကျင်းမြို့ရှိ Renaissance Tianjin Lake ဟိုတယ်၌ တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံအကြား နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံအစိုးရအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင် ဆောင်ရွက်သွားမည့်အခြေအနေများ၊ ခရီးသွားကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍများ ယခုထက်ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည့်အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လာအိုနိုင်ငံမှ ထောက်ခံအားပေးလျက်ရှိမှုနှင့် ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်ပေးသွားမည့်အခြေအနေများနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုတွေ့ဆုံပွဲအခမ်းအနားသို့ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင်လိုက်ပါလာသည့် ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြပြီး လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မ နိုင်ငံသမ္မတနှင့်အတူ လာအိုနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
