
၁.၉.၂၀၂၅
Translated by Htwe Ko Tun
ရုရှားသမ္မတ ပူတင်က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေး(SCO) မှာစက်တင်ဘာလ ၁ ရက်က မိန့်ခွန်းပြောကြားရာမှာယူကရိန်းပြဿနာနဲ့ပတ်သက်လို့ အမေရိကန်သမ္မတနဲ့ ဆွေးနွေးမှုရလဒ်တွေကို SCO မိတ်ဖက်နိုင်ငံတွေကို အသေးစိတ်ပြန်လည်အကြောင်း ကြားသွားမယ်လို့ ဆိုခဲ့ပါတယ်။
သူ့ရဲ့မိန့်ခွန်းမှာ “ဒီကိစ္စနဲ့စပ်လျဉ်းလို့ ယူကရိန်းအကျပ်အတည်းအခြေအနေကို ဖြေရှင်းရာမှာ လွယ်ကူချောမွေ့စေဖို့ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ တခြား ကျွန်တော်တို့ရဲ့မဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ အဆိုပြုချက်တွေကို ကျွန်တော်တို့အနေနဲ့ အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော်သတိပြုမိ တာက မကြာမီက အလက်စကာမှာ ကျင်းပခဲ့တဲ့ ရုရှား-အမေရိကန် ထိပ်သီးဆွေးနွေးပွဲမှာ ကျွန်တော်တို့အနေနဲ့ နားလည်မှုတွေ ရခဲ့တယ်ဆိုတာပဲ။ ဒါကြောင့် ဒီလမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းရင် ယူကရိန်းမှာငြိမ်းချမ်းရေးရဖို့ လမ်းဖွင့်ပေးနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ လက်ရှိနဲ့ နောင်ပြုလုပ်ဖို့စီစဉ်ထားတဲ့ နှစ်ဖက် ဆွေးနွေးပွဲတွေမှာလည်း ကျွန်တော်အနေနဲ့ မိတ်ဆွေလုပ်ဖော်ကိုင်ဖက်တွေအားလုံးကို အလက်စကာ ညှိနှိုင်းဆွေးနွေးပွဲလိုပဲ အသေးစိတ်ကို အသေ အချာ ပြန်လည်အကြောင်းကြားတင်ပြမှာပါ။ ဒါနဲ့စကားမစပ် မနေ့က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးမှာ ပါဝင်သူတွေအတွက် ကျွန်တော်တို့ရဲ့ အိမ်ရှင်နိုင်ငံက တည်ခင်းတဲ့ နေ့လယ်စာစားပွဲမှာ ဥက္ကဋ္ဌကြီး ရှီကျင့်ဖိန်နဲ့ ကျွန်တော်တို့ အဲဒီအကြောင်းနဲ့ပတ်သက်လို့ ပြောခဲ့မိကြတယ်။ ဒီအတွက် စတင် လုပ်ဆောင်နေပြီဆိုတာ ကျွန်တော် သူ့ကို အသေးစိတ်ပြောပြခဲ့တဲ့အပြင် အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေမှာ ကျွန်တော်တို့ရရှိခဲ့တဲ့တိုးတက်မှုတွေနဲ့ ပတ်သက်လို့ပါ ပြောပြခဲ့ပါတယ်” လို့ ရှင်းလင်းပြောကြားသွားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ရုရှားသမ္မတ ပူတင်တို့ ရဲ့ အမေရိကန်ပြည်ထောင်စု၊ အလက်စကာပြည်နယ်၊ အန်ကောရေ့ဂျ်မြို့မှာ သြဂုတ်လ ၁၅ ရက်က ကျင်းပခဲ့ကြတဲ့ ယူကရိန်းစစ်ပွဲ အပစ်အခတ်ရပ်ဆိုင်းရေးအတွက် ထိပ်သီးဆွေးနွေးပွဲက ခိုင်မာတဲ့သဘောတူညီချက်အနေနဲ့ တစ်စုံ တစ်ရာမရဘဲ ပြီးဆုံးခဲ့တာပါ။
ဒေါ်နယ်ထရမ့်ပ်က ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ သူနဲ့ပူတင်တို့ဟာ တိုးတက်ဖြစ်ထွန်းမှုတချို့ကိုလည်း ပြုလုပ်နိုင်ခဲ့ပြီး ကြီးမားတဲ့တိုးတက်မှုရလဒ်တွေ ဆွေးနွေးပွဲမှာ ရခဲ့တယ်လို့ ပြောခဲ့ပါတယ်။ သူက နေတိုးနဲ့ ယူကရိန်းသမ္မတ ဇယ်လန်စကီးတို့ဆီကိုလည်း ဆွေးနွေးပွဲနဲ့ပတ်သက်လို့ ဖုန်းဆက်ပြောကြားမယ်လို့ ဆိုပါတယ်။ ထရမ့်ပ်က သဘောတူညီချက်တစ်ခုရဘဲ့အထိ ဒီမတိုင်ခင်တော့ ဘာသဘောတူညီချက်မှရှိမှာမဟုတ်ဘူးပေါ့လို့ ပြောခဲ့ပါတယ်။
ထိပ်သီးဆွေးနွေးပွဲမှာ ဘာတွေဆွေးနွေးခဲ့ကြလဲဆိုတာ ဘယ်သူမှ သေသေချာချာ မသိကြပါဘူး။ သမ္မတ နှစ်ဦးလုံးကလည်း ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို မေးခွန်းတွေတစ်စုံတစ်ရာ မေးမြန်းခွင့်မပြုခဲ့ကြပါဘူး။
ရုရှားသမ္မတပူတင်ကလည်း ဆွေးနွေးမှုတွေမှာ နှစ်ဖက်အပြန်အလှန်လေးစားမှုနဲ့အတူ ဆွေးနွေးပွဲက အပြုသဘောဆောင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ပူတင်က “ခုလို အလက်စကာပြည်နယ်ကို ဖိတ်ကြားလို့ သမ္မတထရမ့်ပ်ကို ကျေးဇူးအထူးတင်ကြောင်းနဲ့ တကယ်လို့ ၂၀၂၂ ခုနှစ်က ထရမ့်ပ်သာ အမေရိကန် ပြည်ထောင်စုသမ္မတဖြစ်နေခဲ့ရင်ယူကရိန်းစစ်ပွဲဖြစ်လာမှာမဟုတ်ဘူး”လို့လည်းပြောကြားသွားပါတယ်။
ပူတင်က ထရမ့်ပ်နဲ့ နောက်တစ်ကြီမ်ထိပ်သီးဆွေးနွေးပွဲကို မော်စကိုမြို့မှာ ကျင်းပသွားကြဖို့လည်း အဆိုပြုခဲ့ပါတယ်။ ဒါပေမယ့် ထရမ့်ပ်က အတည်မပြုသေးသလို ငြင်းဆန်မှုလည်း မလုပ်သေးပါဘူး။
ဒါ့ပြင် ထရမ့်က “ရုရှားသမ္မတ ပူတင်ကရော ယူကရိန်းသမ္မတ ဇယ်လန်စကီးကပါ တကယ်လို့ အနာဂတ်မှာ သူတို့နှစ်ဦးအကြား ငြိမ်းချမ်းရေးအတွက် အလားအလာရှိတဲ့ ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့ရင် သူ့ကိုပါ တက်ရောက်စေချင်ကြတယ်၊ ကျွန်တော်လည်းတက်ရောက်မှာပါ” လို့ Fox News သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းမှုမှာပြောကြားခဲ့ပါတယ်။
ထရမ့်ပ်ကို သူ့အနေနဲ့ အချိန်တိုအတွင်း ငြိမ်းချမ်းရေးရနိုင်မယ်လို့ ယုံကြည်သလားလို့ မေးခဲ့ရာမှာ တော့ ထရမ့်ပ် က “အချိန်တိုအတွင်းမှာရနိုင်ပါလိမ့်မယ်” လို့ ဖြေကြားခဲ့ပါတယ်။
