
၁. ၉. ၂၀၂၅
Written by Nyein Kyaw
ကျောင်းချိန်အတွင်း သို့မဟုတ် ကျောင်းချိန်ပြင်ပတွင် ကျောင်းသား/ကျောင်းသူများ အချင်းချင်း ကိုယ်ထိလက်ရောက်ဖြစ်စေ၊ လူကိုထိခိုက်စေနိုင်သည့် ပစ္စည်းကရိယာများဖြင့်ဖြစ်စေ ခိုက်ရန်ဖြစ်ပွားသူအားလုံးကို ကျောင်းပြောင်းလက်မှတ်ထုတ်ပေးသည့် ပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ယနေ့တွင် ဖြေကြားထားသည်။
ကျောင်းအချိန်အတွင်း သို့မဟုတ် ကျောင်းပြင်ပချိန်များတွင် ကျောင်းသား/ကျောင်းသူများ ခိုက်ရန်ဖြစ်ပွားခြင်း၊ ထိခိုက်စေနိုင်သည့် ပစ္စည်းကိရိယာများ ယူဆောင်ခြင်းများရှိပါက “ကျောင်းပြောင်းလက်မှတ်ထုတ်ပေးသည့် ပြစ်ဒဏ်ချမှတ်သွားမည် ဖြစ်ကြောင်း” ဆိုသည့် အမိန့်ညွှန်ကြားချက် ထုတ်ပြန်ထားမှုရှိမရှိနှင့်ပတ်သက်ပြီး မီဒီယာများ၏ မေးမြန်းမှုအပေါ် ပညာရေးဝန်ကြီးဌာနက အဆိုပါ အမိန့်ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ပညာရေးဝန်ကြီးဌာနက “အခြေခံပညာဦးစီးဌာနအနေဖြင့် ကျောင်းချိန် သို့မဟုတ် ကျောင်းချိန်ပြင်ပတွင် အချင်းချင်း ကိုယ်ထိလက်ရောက်သော်လည်းကောင်း၊ လူကိုထိခိုက်စေနိုင်သည့် ပစ္စည်းကိရိယာများဖြင့်သော်လည်းကောင်း ခိုက်ရန်ဖြစ်ပွားနေကြသည့် ဖြစ်စဉ်များ များပြားလာပါသဖြင့် ကျောင်းတွင်းပညာပေး ဆွေးနွေးပွဲများဆောင်ရွက်သွားရန်နှင့် ကျောင်းချိန် သို့မဟုတ် ကျောင်းချိန် ပြင်ပခိုက်ရန် ဖြစ်ပွားမှုများ ဖြစ်ပေါ်လာပါက ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဖြင့် စစ်ဆေးပြီး ခိုက်ရန်ဖြစ်ပွားခြင်း ပြစ်မှုတွင်ပါဝင်သူအားလုံးကို “ကျောင်းပြောင်းလက်မှတ်ထုတ်ပေးသည့် ပြစ်ဒဏ်ချမှတ်သွားမည် ဖြစ်ကြောင်း” အခြေခံပညာကျောင်းအုပ်ကြီးများက ကျောင်းသား ကျောင်းသူများနှင့် မိဘများသို့ အသိပေးဆောင်ရွက်သွားရန် ဤဦးစီးဌာနမှ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများသို့ ညွှန်ကြားထားပါကြောင်း ဖြေကြားအပ်ပါသည်” ဟု ဖြေကြားထားသည်။
