၁. ၉. ၂၀၂၅
Written by Nay Moe
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်တို့တွင် PDF များ ဖမ်းဆီး သတ်ဖြတ်မှုကြောင့် ရာအိမ်မှူးတစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်များမှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၉ ရက် နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ မြင်းခြံ-ညောင်ဦးကားလမ်းဘေး ကန်ကျေးရွာလမ်းခွဲအနီး၌ အမျိုးသား တစ်ဦး သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ တောင်သာမြို့နယ်၊ ရသစ်ကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးကျော်သက် (၅၅)နှစ်အား ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၃ နာရီတွင် ဦးကျော်သက်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ၁၀ ဦးခန့်က ဆိုင်ကယ် ငါးစီးဖြင့် ရောက်ရှိလာပြီး ဦးကျော်သက်အား “မေးမြန်းစရာရှိသည်” ဟုပြောဆို၍ ကန်ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကန်ကျေးရွာလမ်းခွဲ အနီးအရောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၀ ရက် ည ၆ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ည ၆ နာရီ ၂၅ မိနစ်တွင် အဆိုပါကျေးရွာနေ ဦးနောင်နောင်စိုး(၄၆)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF နှစ်ဦးက ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး “ဒလန်” ဟု ပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးနောင်နောင်စိုးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ်မှ ယခုကာလအထိ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ ပျူစောထီး၊ သတင်းပေး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့်စွပ်စွဲချက်များဖြင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
