◾️ တီယန်ကျင်းဆိပ်ကမ်းသည် တရုတ်နိုင်ငံမြောက်ပိုင်း၏ အဓိကထောက်ပံ့နှင့် ပို့ဆောင်ရေး အချက်အခြာနေရာအဖြစ် ရည်ရွယ်ဆောင်ရွက်ထားခြင်းဖြစ်ပြီး တန်ချိန် ၃ သိန်းရှိ ကြီးမားသော သင်္ဘောကြီးများ ဆိုက်ကပ်နိုင်ကြောင်း သိရ
၁. ၉. ၂၀၂၅
Written by Nyein Kyaw
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ ယနေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် တီယန်ကျင်းဆိပ်ကမ်းသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။
ယာယီသမ္မတနှင့် အဖွဲ့ဝင်များ တီယန်ကျင်း ဆိပ်ကမ်းသို့ ရောက်ရှိချိန်တွင် ဆိပ်ကမ်းတာဝန်ခံနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီးနောက် ဆိပ်ကမ်းတာဝန်ခံက တီယန်ကျင်းဆိပ်ကမ်းဆိုင်ရာများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဆိပ်ကမ်းမှတာဝန်ရှိသူတစ်ဦးက ဆိပ်ကမ်းဆိုင်ရာ အချက်အလက်များ၊ တီယန်ကျင်းဆိပ်ကမ်းမှနေ၍ ပြည်တွင်းနှင့် နိုင်ငံတကာသို့ ကုန်ပစ္စည်းများ ပို့ဆောင်လျက်ရှိမှုနှင့် နိုင်ငံဖြတ်ကျော်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိမှု၊ ဆိပ်ကမ်းတည်ဆောက်ခဲ့မှုအခြေအနေများနှင့် AI စနစ်အသုံးပြု၍ ကွန်တိန်နာများအား သယ်ယူပို့ဆောင်ခြင်းများ ဆောင်ရွက်လျက်ရှိမှု၊ ကာဗွန်ကင်းစင်သည့် ဆိပ်ကမ်းအဖြစ် လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ လေအားလျှပ်စစ်ဖြင့်လုပ်ငန်းများလည်ပတ်ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက သိရှိလိုသည်များ မေးမြန်းဆွေးနွေးသည်။
ထို့နောက် ယာယီသမ္မတနှင့် အဖွဲ့ဝင်များသည် ဆိပ်ကမ်းတွင် AI စနစ်ဖြင့် ကွန်တိန်နာများအား သင်္ဘောများပေါ်သို့ တင်ချပြုလုပ်နေမှုနှင့် ဆိပ်ကမ်းအတွင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုလေ့လာခဲ့ပြီးနောက် ဆိပ်ကမ်းမှ AI စနစ်သုံး ကွန်တိန်နာတင်ဆောင်သည့် ယာဉ်များဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai SCO SUMMIT 2025) အထိမ်းအမှတ်အဖြစ် Sco Cooperation Organisation စာလုံးအား သရုပ်ဖော်ပြသကြကြောင်း သိရသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စုပေါင်းမှတ် တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး ဆိပ်ကမ်းတာဝန်ခံနှင့်လက်ဆောင်ပစ္စည်းများအပြန်အလှန် ပေးအပ်ခဲ့ကြသည်။
အဆိုပါ တီယန်ကျင်းဆိပ်ကမ်းသည် တရုတ်နိုင်ငံမြောက်ပိုင်း၏ အဓိကအထူးစီးပွားရေးဇုန်ဖြစ်သည့် Tianjin မြူနီစပယ်အုပ်ချုပ်ရေးဒေသ၏ Binhai New Area (BNA) ခရိုင်၏ အဓိကအစိတ်အပိုင်းဖြစ်ပြီး Haihe မြစ်အနီး Bohai ပင်လယ်အော် အနောက်ဘက်ကမ်း တီယန်ကျင်းမြူနီစပယ်အုပ်ချုပ်ရေးဒေသတွင် တည်ရှိသည်။
အဆိုပါဆိပ်ကမ်းအား တရုတ်နိုင်ငံမြောက်ပိုင်း၏ အဓိကထောက်ပံ့နှင့် ပို့ဆောင်ရေးအချက်အခြာနေရာအဖြစ် ရည်ရွယ်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ ဆိပ်ကမ်းအား ၁၉၅၂ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ရေနက်ပင်လယ်ဆိပ်ကမ်း (Deep- Water Seaport/Riverport) အမျိုးအစားဖြစ်ပြီး ကုန်းမြေဧရိယာ ၁၂၁ စတုရန်းကီလိုမီတာအပါအဝင် စုစုပေါင်း ၄၇၀ စတုရန်း ကီလိုမီတာကျယ်ဝန်းကြောင်း၊ ထုတ်လုပ်ရေးဆိုက်ကပ်နေရာ ၁၄၀ ခုအပါအဝင် ဆိုက်ကပ်နေရာ စုစုပေါင်း ၂၁၇ ကျော်ရှိကြောင်း သိရသည်။
ကွန်တိန်နာများကို တင်ချခြင်းများဆောင်ရွက်ရာတွင် AI စနစ်ကို အသုံးပြု၍ လုပ်ငန်းများကို ဆောင်ရွက်နေသည့် ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း၊ တီယန်ကျင်းဆိပ်ကမ်းသည် ရေအနက် ၂၂ မီတာ(၇၇) ပေရှိပြီး တန်ချိန် ၃ သိန်းရှိ ကြီးမားသော သင်္ဘောကြီးများဆိုက်နိုင်ကြောင်း၊ နှစ်စဉ်ကုန်စည်တင်ပို့မှုအနေဖြင့် တန်ချိန်သန်း ၅၀၀ ကျော်နှင့် ကွန်တိန်နာ ၁၃ သန်းကို တင်ပို့လျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ဒေသနှင့်ပြည်နယ် ၁၄ ခုအတွက် ဝန်ဆောင်မှုပေးလျက်ရှိပြီး တရုတ် နိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာ၏ ထက်ဝက်ကျော်ရှိကြောင်း သတင်းရရှိသည်။








