၁.၉.၂၀၂၅
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဖြစ်တဲ့ ဆရီ မာလ်ရာနီက အစိုးရကို မကျေနပ်ဆန့်ကျင်ကြတဲ့ နိုင်ငံအနှံ့ဆန္ဒပြမှုတွေအတွင်းမှာ ဂျာကာတာမြို့ရှိ သူမရဲ့အိမ်ကို ဆန္ဒပြသမားတွေက ဝင်ရောက်လုယက် ရှာဖွေဖျက်ဆီးသွားကြပြီးတဲ့နောက်မှာတော့ စက်တင်ဘာလ ၁ ရက်မှာ ပြည်သူလူထုထံရည်ညွှန်းလို့ တောင်းပန်စာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ လွှတ်တော်အမတ်တွေရဲ့လစာတွေ၊ အကျိုးခံစားခွင့်တွေကို တိုးမြှင့်လာတာနဲ့ ဆန္ဒပြမှုတွေအတွင်း အငှားဆိုင်ကယ်မောင်းနှင်သူတစ်ဦးမှာ ရဲတပ်ဖွဲ့သံချပ်ကာကားနဲ့တိုက်လို့ သေဆုံးခဲ့ရမှုတွေ ဖြစ်လာခဲ့အပြီးမှာတော့ ဆန္ဒပြမှုတွေက ပိုလို့အရှိန်မြင့်လာခဲ့တာပါ။ ဒီမှာပဲ ဂျာကာတာမြို့၊ ဘင်တာရိုစီရင်စုရှိ ဆရီရဲ့အိမ်ကို ဆန္ဒပြသမားတွေက ဩဂုတ်လ ၃၁ ရက်မှာ ဝင်ရောက်လုယက်ဖျက်ဆီးပြီး လှန်လှောရှာဖွေသွားကြပါတယ်။ အာမက်ဆာရိုနီ အပါအဝင် ဝါရင့် ဥပဒေပြု လွှတ်တော်အမတ်တွေရဲ့ အိမ်တွေကိုလည်း ဆန္ဒပြသမားတွေက ဝင်ရောက်တိုက်ခိုက် လုယက်ခဲ့ပါတယ်။
ဘဏ္ဍာရေးဝန်ကြီး၊ ဆရီမာလ်ရာနီက စက်တင်ဘာလ ၁ ရက်မှာတော့ လုမှုကွန်ရက် Instagram ပို့စ်တစ်ခုတင်ခဲ့ရာမှာ “ကျွန်မအနေနဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ အင်တာနက်အသုံးများသူတွေ၊ အသေးစားစီးပွားရေးလုပ်ငန်းတွေနဲ့ ကျောင်းသားတွေအပါအဝင် အားလုံးကို သူတို့ရဲ့အကြံပေးချက်တွေ၊ ထေ့လုံးငေါ့လုံးတွေနဲ့ နောက်ဆုံးစော်ကားပြောဆိုတာတွေအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မတို့အနေနဲ့ တောင်းပန်မှုလည်းပြုပါတယ်။ ကျွန်မတို့မှာ အပြစ်တွေ၊ အားနည်းချက်တွေ အများကြီးရှိပါတယ်။ ဘုရားသခင်က လိုလားရင် အစိုးရအနေနဲ့ ရှေ့ဆက်ကောင်းမွန်တိုးတက်ဖို့ဆောင်ရွက်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။
ဆရီက ပြည်သူလူထုကိုလည်း အကြမ်းဖက်ဆန္ဒပြနည်းလမ်းအစား ဥပဒေကြောင်းအရ ချဉ်းကပ်ဆောင်ရွက်ဖို့ ပြောခဲ့ပါတယ်။
ဆရီက “တကယ်လို့ အင်ဒိုနီးရှားပြည်သူတွေအနေနဲ့ မကျေမနပ်ဖြစ်ကြပြီး ဥပဒေက သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအခွင့်အရေးတွေကို ချိုးဖောက်တယ်လို့ ခံစားရင် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးကို မျှမျှတတသုံးသပ်ပေးဖို့ အဆိုပြုနိုင်ပါတယ်” လို့ ဆက်လက်ပြောခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံသားတွေအနေနဲ့ မကျေနပ်တဲ့ အမှုကိစ္စအတွက် တရားရုံးချုပ်ကိုတင်ပြနိုင်ပါတယ်။ ဒါဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ တိုးတက်ယဉ်ကျေးတဲ့ ဒီမိုကရေစီစနစ်ပါပဲ။ ဖျက်ဆီးတာတွေ၊ မီးရှို့တာတွေ၊ အသရေပျက်အောင် မဟုတ်မမှန်ပြောတာတွေ၊ ခွဲခြားမှုပြုတာတွေ လုပ်မယ့်အစား အင်ဒိုနီးရှားနိုင်ငံကြီးကို ကျွန်မတို့ အတူတူ ကာကွယ်စောင့်ရှောက်ကြတာပေါ့လို့လည်း ဆရီက နောက်ဆုံးပြောခဲ့ပါတယ်။
စက်တင်ဘာလ ၁ ရက်မှာ ဆရီ ရာထူးမှနုတ်ထွက်သွားပြီလို့ ကောလာဟလတွေ ထွက်ပေါ်လာပါသေးတယ်။ ဒါပေမယ့် စီးပွားရေးဝန်ကြီး အဲယားလန်ဂါဟာတာတိုက ထိုသတင်းမှာမမှန်ဘဲ ဆရီက အစိုးရအဖွဲ့အစည်းအဝေးကို တက်နေပါတယ်လို့ ပြောခဲ့ပါတယ်။
Ref- Jakarta Globe



