သက်တန့်
၁. ၉. ၂၀၂၅
ဩစတြေးလျနိုင်ငံတွင် ဩဂုတ်လ ၃၁ ရက်က ကျင်းပခဲ့သော ၂၀၂၅ ခုနှစ်၊ ဆစ်ဒနီမာရသွန်ပြိုင်ပွဲတွင် ပိတောက်ပန်းပန်ကာ ပုဝါခြုံပြီး မြန်မာရိုးရာဝတ်စုံဝတ်၍ ယှဥ်ပြိုင်သူ မြန်မာအမျိုးသမီးတစ်ဦးက မြန်မာ့ရိုးရာဝတ်စုံကဏ္ဍအတွက် ဂင်းနစ်စံချိန်မှတ်တမ်းဝင်ခဲ့သည်ဟု သိရသည်။
ဝင်ရောက်ယှဥ်ပြိုင်ခဲ့သူမှာ ဒေါက်တာမြင်းမိုရ်ဦးအမည်ရှိ ဩစတြေးလျတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဦးကျော်သူနှင့် ဒေါ်မြင့်မြင့်ခင်ဖေ၏ သမီးကြီးဖြစ်ကာ သူမသည် အားကစားဝတ်စုံအစား ပန်းပိတောက်ကို ပန်ဆင်ထားသော မြန်မာ့ရိုးရာဝတ်စုံအပြည့်အစုံကို ပုဝါခြုံလျက် ဝတ်ဆင်ကာ လူပေါင်း ၃၅၀၀၀ ခန့်အကြား ဂုဏ်ယူစွာဖြင့် ပြေးပွဲဝင်ခဲ့သည်။
ဤရိုးရာဝတ်စုံဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်း၏ ရည်ရွယ်ချက်မှာ ကမ္ဘာ့အာရုံစိုက်မှုကို မြန်မာနိုင်ငံသို့ ရောက်ရှိစေရန် ဖြစ်သည်ဟုလည်း ဆိုသည်။
ထို့အပြင် သူမသည် ရိုးရာဝတ်စုံဖြင့် မာရသွန်ပြေးခြင်းဖြင့် ဂင်းနစ်စံချိန်သစ်ကိုလည်း တင်နိုင်ခဲ့သည်။ သူမတင်ခဲ့သည့် ပြေးခဲ့သော အကွာအဝေးမှာ ၄၂ ဒသမ ၂ ကီလိုမီတာ (၂၆ ဒသမ ၂ မိုင်) ဖြစ်ပြီး ပန်းဝင်ချိန် ၄ နာရီ၊ ၁၂ မိနစ်၊ ၁၉ စက္ကန့်ဖြစ်သည်။
အဆိုပါပြိုင်ပွဲတွင် သမိုင်းဝင် ကမ္ဘာ့စံချိန် တင်နိုင်ရန်အတွက် မြန်မာ့ရိုးရာဝတ်စုံဖြင့် အမြန်ဆုံးပြေးနိုင်၊ ပန်းဝင်နိုင်ရန် ရည်မှန်းပြီး အားသွန်ခွန်စိုက် ပြေးမည့်အစီအစဉ်ဖြစ်သည်ဟု သူမ၏ Heart Beams Rising က လှုံ့ဆော်ခဲ့ပြီး ထို အစီအစဥ်အတိုင်း မြန်မာဝတ်စုံဖြင့် ၂၆ မိုင်ကျော်ကို လေးနာရီကျော်ပြေးကာ စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။
ရိုးရာဝတ်စုံဖြင့် အပြေးပြိုင်သူများတွင် အမြန်ဆုံးစံချိန်တင်ထားသူမှာ ထိုင်းနိုင်ငံသူ Kanchanasevee Charinya ဖြစ်ပြီး၊ သူမသည် ၂၀၂၃ ခုနှစ်၊ လန်ဒန်မာရသွန်တွင် အကွာအဝေး ၄၂ ဒသမ ၂ ကီလိုမီတာကိုထိုင်းရိုးရာဝတ်စုံနှင့် ၃ နာရီ ၄၅ မိနစ် ၃၄ စက္ကန့်ဖြင့် ပန်းဝင်ခဲ့သည်။ ဒေါက်တာမြင်းမိုရ်ဦး၏ စံချိန်မှာ ထိုင်းရိုးရာဝတ်စုံဖြင့် ပြေးသည့် Kanchanasevee Charinya ထက်နာရီဝက်ခန့် ပိုများနေသော်လည်း မြန်မာ့ရိုးရာဝတ်စုံဖြင့် မာရသွန်ပြေးမှုအတွက် သူမက ဂင်းနစ်စံချိန်ဝင်ခဲ့ခြင်းဖြစ်သည်။
Photo & Ref, Heart Beams Rising




