၁.၉.၂၀၂၅
Written by Hey Mar
အသက် ရှစ်ဆယ်အရွယ် အဘွားအိုတစ်ဦး စိတ်နောက်ကာ တံတားပေါ်ကနေ ရေထဲခုန်ချပေမယ့် ရေကူးတတ်နေတာကြောင့် အသက်မသေဘဲ ရေထဲက တံတားတိုင်ကို ခိုထားနိုင်တာမို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်းတွေက အသက်ရှင်လျှက် အန္တရာယ်ကင်းစွာ ကယ်တင်နိုင်လိုက်တယ်လို့ မေတ္တာ သီတာရေစင် လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ် ၊ ဘေလီတံတားပေါ် (မြောက်ဒဂုံဘက်သွားတဲ့အခြမ်း) ကနေ မနေ့က ဩဂုတ်လ ၃၁ ရက်နေ့ ညနေ ၆ နာရီ ၄၀ အချိန်ခန့်က အဘွားအိုတစ်ဦး ခုန်ချသွားတာကြောင့် တာဝန်သိပြည်သူတစ်ဦးက မေတ္တာ၊ သီတာရေစင် ပရဟိတအသင်းထံ ဖုန်းဆက်အကြောင်း ကြားခဲ့တာလို့ သိရပါတယ်။
အဆိုပါအသင်းမှတာဝန်ရှိသူက ကူညီကယ်ဆယ်ရတဲ့အခြေအနေကို MT News သို့ ပြောပြရာမှာ ” ကျွန်တော်တို့ဆီကို အမတစ်ယောက်က အဘွားတစ်ယောက် ရေထဲခုန်ချသွားတာတွေ့လိုက်လို့ အမြန်လာကြပါဆိုပြီး ဖုန်းဆက်တယ်။ အဲ့ဒါနဲ့ ကျွန်တော်တို့က စက်လိုင်းထဲကနေ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကို သတင်းပေးပို့ပြီး အမြန်ထွက်ခဲ့တယ်” လို့ ဆိုပါတယ်။
ဆက်လက်ပြီး “ကျွန်တော်တို့ရောက်သွားတော့ ခုန်ချသွားတယ်ဆိုတဲ့ နေရာကနေ စပြီးရှာဖွေကြတဲ့အခါ တံတားပေါ်မှာ ဖိနပ်တစ်ရံတွေ့တယ်။ နောက်ပြီး အောက်ဘက်ကိုရှာတော့ မှောင်စပျိုးနေပြီမို့ သိပ်မသဲကွဲတော့ အဘွားတံတားတိုင်မှာ ခိုနေတာကို ရုတ်တရက် ချက်ချင်းမမြင်ဘူး။ ရေစီးနဲ့ မြောပြီပဲ ထင်လိုက်ကြတာ။ နောက်မှ အဘွားက တိုင်ကို တွယ်လျက်လေး ခေါင်းဖော်လာတာ။ အဘွားက ရေလည်း သေချာကူးတတ်ပုံရတယ်” လို့ MT News ကို ပြောပါတယ်။
ရေထဲက အဘွားအဆင်ပြေစေဖို့ တံတားပေါ်ကနေ ဆိုင်းကြိုးနဲ့ သက်ကယ်ဘောကွင်းတွေ အရင်ချပေးပြီး မိနစ်ပိုင်းအတွင်း တောင်ဥက္ကလာပ မီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေလည်း ရောက်ရှိလာတာကာ အဖွားကို ရေထဲဆင်းပြီး ဆယ်ယူခဲ့ကြတယ်လို့ သိရပါတယ်။
အဖွားက သတိလည်း တစ်ချက်ချက်လွတ်နေသလို စိတ်ပင်ပန်းမှုတွေလည်း ခံစားနေရပြီး သူ့နေရပ်မြောက်ဒဂုံက မိသားစုဝင်တွေကို ပြောပြနိုင်လို့ အသင်းက ကူညီဆက်သွယ်ပေးခဲ့သလို ရေထဲခုန်ချတဲ့အရှိန်ကြောင့် ပွန်းပဲ့ဒဏ်ရာ အနည်းငယ် ရရှိခဲ့တဲ့ အဖွားကိုလည်း မြောက်ဥက္ကလာပြည်သူ့ဆေးရုံဆီ တင်ပို့ကုသပေးခဲ့တယ်လို့ သိရပါတယ်။





