၁. ၉. ၂၀၂၅
Written by Nyein Kyaw
တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ၊ တီယန်ကျင်းဆိပ်ကမ်းသို့ ယနေ့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့သည် တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့ရှိ တီယန်ကျင်းဆိပ်ကမ်းသို့ စက်တင်ဘာ ၁ ရက် (ယနေ့) ဒေသစံတော်ချိန် ၉ နာရီခွဲအချိန်ခန့်က သွားရောက်လေ့လာခဲ့ကြခြင်းဖြစ်ပြီး ဆိပ်ကမ်းတာဝန်ရှိသူများက ဆိပ်ကမ်းနှင့်ပတ်သက်၍ ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ ထျန်းကျင်းမြို့တွင် ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (SCO) နှင့် ပေကျင်းမြို့တွင် ကျင်းပမည့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ဩဂုတ်လ ၃၀ ရက်နေ့ကတည်းက ရောက်ရှိနေခြင်းဖြစ်သည်။








