၁.၉.၂၀၂၅
Written by Hey Mar
အသက် ၇၀ ကျော် ညစောင့်အလုပ်လုပ်တဲ့ အမျိုးသားကြီးကို လမ်းဘေးခွေးက ရင်ဘတ်၊ လည်ပင်းတစ်ဝိုက်နဲ့၊ ကိုယ်လက်အင်္ဂါတွေကို ကိုက်တဲ့ဖြစ်စဉ် မနေ့က ဩဂုတ် ၃၁ ရက်နေ့ ညနေစောင်းအချိန်က ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမပေါ်ရှိ ရွှေစံပယ်ရိပ်မွန်ရှေ့က ဆိုင်တန်းတွေမှာ ဖြစ်ပွားခဲ့တယ်လို့ အဆိုပါပတ်ဝန်းကျင်မှာ နေထိုင်ပြီး ခွေးကိုက်ခံရသူကိုစောင့်ရှောက်ကူညီခဲ့သူတစ်ဦးထံကနေ သိရပါတယ်။
အကိုက်ခံရသူအဘိုးက အသက် ၇၄ နှစ်အရွယ်ဖြစ်ကာ Mandalay ကလေးပစ္စည်းဆိုင်က ညစောင့်ဝန်ထမ်းလို့ သိရပါတယ်။ ကိုက်တဲ့ခွေးကရွှေစံပယ်ရိပ်မွန်က Toyo battery နဲ့ သူ့ဘေးက လျှပ်စစ်ကုမ္ပဏီကြားမှာနေတဲ့ လေလွင့်ခွေးလို့ သိရပြီး အဆိုပါ ညစောင့် အဘတွေကပဲ ဝိုင်းဝန်းအစာကျွေးမွေးနေသလို သူခိုးရန်အကာအကွယ်ရတဲ့အတွက် ခွေးချစ်တတ်တဲ့ လုပ်ငန်းရှင်တချို့ကလည်း ခွေးနေမကောင်းရင်တောင် ဆေးခန်းပို့ဖို့ ငွေထုတ်လှူလေ့ရှိတယ်လို့လည်း သိရပါတယ်။
အကိုက်ခံရတဲ့ ဖြစ်စဉ်ကလည်း ညစောင့်အဘိုးက ခွေးအိပ်နေတဲ့ဘေးက သူထိုင်နေကြကော်ခုံကို ဆွဲယူတာမှာ ခွေးက သူ့ကို ခုံနဲ့ရိုက်မယ်ထင်ပြီး ခုန်အုပ်ကာ ကိုက်တာလို့လည်း ဖြစ်စဉ်အခြေအနေကို သိရှိရပါတယ်။ ခွေးကိုက်ခံရတာကြောင့် ညစောင့်အဘိုးမှာ ရင်ဘတ် ပေါက်ပြဲ၊ ပခုံး ပေါက်ပြဲ၊ လက်ဖျံ ပေါက်ပြဲသွေးထွက်ဒဏ်ရာများပြားစွာရရှိထားပြီး သွေးထွက်လည်းအလွန်များနေတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ညစောင့်အဘိုးကို ရန်ကုန်ဆေးရုံကြီးဆီ တင်ပို့ပေးထားပြီး ရွှေစံပါယ်ရိပ်မွန်အတွင်းနေထိုင်သူတွေကပဲ ဆေးဖိုးဝါးခ ဝိုင်းဝန်းကူညီနေကာ အန္တရာယ်ဖြစ်စေတဲ့ လမ်းဘေးလေလွင့်ခွေးကို ကူညီရှင်းလင်းပေးဖို့လည်း သက်ဆိုင်ရာကို အကူအညီတောင်းသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း ပဲခူးမှာ လမ်းဘေးခွေး နှစ်ကောင်က အသက် ခုနစ်နှစ်အရွယ် ကလေးငယ်ကို အစာဖျက်သလို ဝိုင်းဝန်းကိုက်ဆွဲတာကြောင့် ကလေးမှာ ပြင်းထန်ဒဏ်ရာနဲ့ ပဲခူးဆေးရုံကြီးပေါ် ရက် ၂၀ ကျော် တက်ရောက်ကုသခဲ့ရတဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။


