



၃၀. ၈. ၂၀၂၅
Written by Nyein Kyaw
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ ထျန်းကျင်းမြို့တွင် ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (SCO) နှင့် ပေကျင်းမြို့တွင် ကျင်းပမည့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ ထွက်ခွာသွားသည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံ တီယန်ကျင်းမြို့သို့ ရောက်ရှိခဲ့စဉ် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကော်ဇောနီခင်း ကြိုဆိုခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ ထွက်ခွာသွားခဲ့ပြီး ယနေ့ နေ့လယ်ပိုင်းတွင် ရောက်ရှိခဲ့ခြင်းဖြစ်သည်။




ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အထက်ပါအခမ်းအနားများ တက်ရောက်ခြင်းအပြင် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးမှုသွားမည်ဖြစ်ပြီး အခမ်းအနားများသို့ တက်ရောက်လာသည့် အခြားနိုင်ငံ့ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။
ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်နိုင်ငံရှိ အထင်ကရနေရာများအား ကြည့်ရှုလေ့လာခြင်း၊ ပညာရေးကဏ္ဍ၊ စက်မှုကုန်ထုတ်လုပ်ငန်းကဏ္ဍ၊ စီးပွားရေးကဏ္ဍ စသည်တို့အား ကြည့်ရှုလေ့လာခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဖွံ့ဖြိုးတိုးတက် ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမြောက်ပိုင်း ထျန်းကျင်းမြိုတွင် ဩဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၁ ရက်အထိ ကျင်းပသွားမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation SCO SUMMIT 2025) သို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် နိုင်ငံ ၂၆ ခု၏ ခေါင်းဆောင်အကြီးအကဲများ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
