◾️ ပထဝီနိုင်ငံရေးနှင့်စီးပွားရေး၊ ကမ္ဘာ့နိုင်ငံငယ်များအပေါ်တွင် လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး စကားလုံးများသုံးပြီး နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်မှုနှင့် နိုင်ငံတည်ငြိမ်အေးချမ်းစေရေး လူငယ်ထုတစ်ရပ်လုံးက ဝိုင်းဝန်းဆွေးနွေးဖော်ထုတ်နိုင်ရန် ကျင်းပခြင်းဖြစ်
၃၀. ၈. ၂၀၂၅
Written by Nyein Kyaw





မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်- ၂၀၂၅ (Future Front Myanmar: Youth Strategy Forum-2025) ဖွင့်ပွဲအခမ်းအနားအား ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) တွင် ယနေ့ ကျင်းပခဲ့ပြီး စက်တင်ဘာ ၁ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ခေတ်လူငယ်များကို နိုင်ငံ့အနာဂတ်ဆိုသည့် စကားလုံးတစ်လုံးတည်းဖြင့် တင်စားမရရှိတော့ကြောင်း၊ လူငယ်များသည် အနာဂတ်ကို စောင့်ဆိုင်းနေသူများ မဟုတ်ကြဘဲ ပစ္စုပ္ပန်ကို မောင်းနှင်နေကြသူများဖြစ်သလို အနာဂတ်ကို ထုဆစ်ပုံဖော်နေကြသည့် ဗိသုကာပညာရှင်များလည်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် လူငယ်တွေအတွက် ရင်းနှီးမြှုပ်နှံခြင်းက နိုင်ငံ့အနာဂတ်အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်းကို ခိုင်ခိုင်မာမာယုံကြည် ဆောင်ရွက်လျက်ရှိကြောင်းကို အသိပေးပြောကြားလိုကြောင်း ပြောကြားသည်။
အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် ပထဝီနိုင်ငံရေးနှင့်စီးပွားရေးသဘောထားများ၊ ကမ္ဘာ့နိုင်ငံငယ်များအပေါ်တွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးဆိုသည့် စကားလုံးများသုံးပြီး နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်မှုများကို သိရှိနိုင်ရန်၊ ပြောင်းလဲနေသည့် ကမ္ဘာ့အစီအစဉ်ကြားတွင် အမိနိုင်ငံတော်ကြီးကို အေးချမ်းတည်ငြိမ်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်ထုတစ်ရပ်လုံးက အတွေးအမြင်ကောင်းများဖြင့် ဝိုင်းဝန်းဆွေးနွေးဖော်ထုတ်နိုင်ကြစေရန် ယခုကဲ့သို့ စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောကြားသည်။
အဆိုပါဖိုရမ်တွင် အိန္ဒိယနိုင်ငံမှ မဟာဗျူဟာရေးရာ လေ့လာသုံးသပ်သူ Mr. Atul Aneja က ပြောင်းလဲနေသောကမ္ဘာနှင့် မြန်မာ-ပထဝီနိုင်ငံရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာ၊ ပထဝီနိုင်ငံရေးနှင့် ဗဟုဝင်ရိုးကမ္ဘာခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆွစ်ဇာလန်နိုင်ငံ SUPDI ၊ Distance Private University မှ တွဲဖက်ပါမောက္ခ Mr. Lorenzo Maria Pacini က ပြောင်းလဲနေသောကမ္ဘာနှင့် မြန်မာ-ပထဝီနိုင်ငံရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာ၊ စီးပွားရေးနှင့် ဗဟုဝင်ရိုးကမ္ဘာခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြမည်ဖြစ်သည်။
ထို့အပြင် ဖိုရမ်သို့တက်ရောက်ကြမည့် လူငယ်များ၏ အနာဂတ်မြန်မာနိုင်ငံအတွက် ရှုမျှော်မှု (Icebreaker Activity) ပုံစံ၊ ကမ္ဘာ့ကဖေးဆွေးနွေးပွဲ (World Café) ပုံစံ၊ လန်းဆန်းနှိုးထဉာဏ်စမ်း (Energizer Quiz) ပုံစံ၊ အဖွဲ့အလိုက်ဆွေးနွေးပွဲ(Team Workshop) ပုံစံများဖြင့် ဆွေးနွေးကြမည် ဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လူငယ်များ ပါဝင်တက်ရောက် ကြမည်ဖြစ်ကြောင်း၊ ဖိုရမ်နောက်ဆုံးရက်တွင် လူငယ်များ၏ ဆွေးနွေးပွဲရလဒ်များကို ကြေညာချက်စာတမ်းတစ်ရပ် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။။
