◾ ဂျပန်နဲ့ အိန္ဒိယ နှစ်နိုင်ငံအကြား ဆက်ဆံရေးအဆင့်မြှင့်ရန် မိုဒီ၏ ဂျပန်ခရီးစဉ်အတွင်းဆောင်ရွက်
၃၀.၈.၂၀၂၅
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှု ပိုမိုထိရောက်စေဖို့ လိုအပ်ချက်ကို ကိုးကားပြီး ဝင်ရိုးစုံ ကမ္ဘာကြီးကို ပုံဖော်ရာမှာ BRICS အုပ်စုဖွဲ့ခြင်းရဲ့ အရေးကြီးမှုကို အထူးအလေးပေးပြောခဲ့ပါတယ်။ သူ့ရဲ့ ဂျပန်နိုင်ငံကို နှစ်ရက်တာခရီးစဉ်အတွင်း Nikkei Asia သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းရာမှာ မိုဒီက အခုလို ဩဂုတ်လ ၂၉ ရက်က ပြောခဲ့တာဖြစ်ပြီး ဒါကို ‘အချိန်နာရီ ရဲ့လိုအပ်ချက်‘ လို့ သူက ခေါ်ဆိုခဲ့ပါတယ်။
မိုဒီက ဂျပန်ဝန်ကြီးချုပ် ရှီဂူရူး အီရှီဘာနဲ့ ဂျပန်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ သူ့ရဲ့ ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။ နှစ်ရက်ကျော်ကြာ မိုဒီရဲ့ခရီးစဉ်က အိန္ဒိယရဲ့ ဂျပန်နိုင်ငံနဲ့ စီးပွားရေးနဲ့ မဟာဗျူဟာဆိုင်ရာမြောက် အဆက်အသွယ်တွေကို ပိုမိုခိုင်မာစေဖို့ အားထုတ်မှုရဲ့ တစ်စိတ်တစ်ပိုင်းလို့လည်း ဆိုရမှာပါ။
မိုဒီက ဂျပန်နိုင်ငံခရီးစဉ်အတွင်းမှာ ဂျပန်အစိုးရဆီက စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ယန်း ၁၀ ထရီလျံ (အမေ ရိကန်ဒေါ်လာ ၆၈ ဘီလျံ) ကို အိန္ဒိယနိုင်ငံမှာပြုလုပ်ဖို့ ကတိပြုချက်တွေ မျှော်လင့်ခဲ့တာပါ။ နှစ်နိုင်ငံအနေနဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေ၊ အရေးကြီးတဲ့ သတ္တုတွေနဲ့ ဉာဏ်ရည်တုနည်းပညာတို့နဲ့ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်ကြဖို့ စီးပွားရေးသဘောတူညီချက်လက်မှတ်ရေးထိုးမယ်လို့လည်း မျှော်လင့်ရပါတယ်။ ဒီသဘောတူညီချက်က အမေရိကန်ရဲ့ ကုန်သွယ်စည်းကြပ်ခွန်ပိတ်ဆို့မှုတွေမြင့်တက်လာမှုဒဏ်ကိုခံနေရတဲ့ အိန္ဒိယနိုင်ငံစီးပွားရေးကို အထောက်အကူဖြစ်စေဖို့ ကျယ်ပြန့်တဲ့အားထုတ်မှုရဲ့ တစ်စိတ်တစ်ပိုင်းလို့လည်း ဆိုနိုင်ပါတယ်။
ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ တောင်အာဖရိကနိုင်ငံတွေ စတင်တည်ထောင်ခဲ့တဲ့ BRICS အုပ်စုက ကမ္ဘာကြီးမှာ သိသာလှတဲ့ စိန်ခေါ်မှုတွေ ကြုံတွေ့လာရတာနဲ့အတူ အဖွဲ့က ပိုလို့အရေးကြီးလာတယ်လို့ ဆိုရမှာပါ။ ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှု ပိုမိုထိရောက်စေဖို့အတွက်လိုအပ်ချက်ကို မိုဒီက အလေးထားလာမှုကလည်း ကမ္ဘာ့ခေါင်းဆောင်တွေအကြား ပထဝီနိုင်ငံရေးပုံသဏ္ဍာန်ပြောင်းလဲစေဖို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအတွက် ယန္တရားအသစ်တွေရှာဖွေမှုပြုနေကြတာရဲ့ ကျယ်ပြန့်တဲ့ ရောင်ပြန်ဟပ်မှုလည်းဖြစ်ပါတယ်။
ဒါကြောင့် ဂျပန်နိုင်ငံနဲ့ ဆက်ဆံမှုတွေကို အဆင့်မြှင့်တာကလည်း အိန္ဒိယနိုင်ငံရဲ့ မဟာဗျူဟာမြောက်ရွှေ့ကွက်တစ်ခုလို့ဆိုရမှာပါ။ ဂျပန်ကလည်း အိန္ဒိယနိုင်ငံကိုရေရှည်ရင်းနှီးမြှုပ်နှံမှုတွေအတွက် အလားအလာ အကောင်းဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် အဆင့်သတ်မှတ်ထားတာပါ။ နှစ်နိုင်ငံကသမိုင်းကြောင်းတစ်လျှောက် ကာကွယ်ရေးကနေ ကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံတို့အထိ ကိစ္စရပ်ပေါင်းများစွာကို အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။
အိန္ဒိယအဖို့လည်း ဂျပန်နိုင်ငံနဲ့ ဆက်ဆံရေးတွေတိုးမြှင့်တာကြောင့် စီးပွားရေးနဲ့မဟာဗျူဟာမြောက် အကျိုးအမြတ်တွေရနိုင်တဲ့အပြင် မိုဒီရဲ့ ခရီးစဉ်က ဒေသအတွင်း အိန္ဒိယနိုင်ငံရဲ့ရပ်တည်ချက်ကို ခိုင်မာစေလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။ အင်ဒို-ပစိဖိတ် ဒေသအတွင်း ဆက်စပ်နေတဲ့ ကိစ္စရပ်တွေမှာ နှစ်နိုင်ငံ အနီးကပ်ပေါင်းစည်းဆောင်ရွက်ကြရင်ဖြင့် ဒေသအတွင်း တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှု မြင့်တက်လာတာကို တန်ပြန်ချိန်ညှိနိုင်မယ်လို့လည်း ယူဆရပါတယ်။
အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီက ဂျပန်နိုင်ငံခရီးစဉ်ကိုကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့သလို ဂျပန်နိုင်ငံနဲ့ ဆက်ဆံရေးအဆင့်မြှင့်တင်တာနဲ့ BRICS အုပ်စု ဖွဲ့စည်းမှုအပေါ် အလေးထားတာတွေက အိန္ဒိယနိုင်ငံရဲ့ ကမ္ဘာ့စီးပွားရေးမှာ အဓိကနိုင်ငံတစ်ခုအဖြစ်ရပ်တည်လာနိုင်ဖို့နဲ့ ထိရောက်တဲ့ ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုအတွက်ခေါင်းဆောင်နိုင်ငံတစ်ခုအနေနဲ့ပါဝင်လာဖို့ သူ့ရဲ့ကျယ်ပြန့်တဲ့မဟာဗျူဟာရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်မယ်ဆိုတာရှင်းရှင်းကြီးတွေ့နေရတယ်လို့ သုံးသပ်ချင်ပါတယ်။
Ref- Nikkei Asia
