၂၈. ၈. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ဆောင်ခလမြို့က ပန်းခြံတစ်ခုမှာ အသက် ၅၉ နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦးဟာ ခွေးတစ်ကောင်ကို လိင်ဆက်ဆံမှုဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့က ဝန်ခံခဲ့ကြောင်း သိရပြီး အဲဒီဖြစ်ရပ်က လမ်းတွေ၊ ဆိုင်တွေနဲ့ လူစည်ကားတဲ့ နေရာဖြစ်တဲ့ Laem Son On အနီးက Woodball Sports Park မှာ ဖြစ်ခဲ့တာပါ။
မျက်မြင်သက်သေတွေရဲ့ ပြောပြချက်နဲ့ ရုပ်သံတွေအရ ခန္ဓာကိုယ် ပိန်သွယ်ပြီး ခေါင်းတုံးတုံးထားကာ အစင်းကျားတီရှပ်နဲ့ ဘောင်းဘီတိုဝတ်ထားတဲ့ အဲဒီအမျိုးသားကို လမ်းသွားလမ်းလာတစ်ဦးက ‘ဘာလုပ်နေတာလဲ’ လို့ မေးမြန်းခဲ့ပါတယ်။ အဲဒီအခါမှာ အဲဒီအမျိုးသားက ‘ငါ ခွေးကို လိင်ဆက်ဆံတာ’ လို့ ဝန်ခံခဲ့ပြီး အကြမ်းဖက်ခံရတဲ့ ခွေးမလေးကိုပါ လက်ညှိုးထိုးပြခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အဲဒီလူဟာ ရန်လိုလာပြီး မျက်မြင်သက်သေကို ရိုက်နှက်ဖို့ ကြိုးစားခဲ့လို့ တင်းမာမှုတွေ ဖြစ်ပွားခဲ့ပြီး နောက်ဆုံးမှာတော့ အဲဒီနေရာကနေ ထွက်ပြေးသွားခဲ့ပါတယ်။
တိရစ္ဆာန်ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဆူရာချက် ဆာရာဝီဆာနုချိုင်ယာကူလ်က အဲဒီဖြစ်ရပ်ကို ဗီဒီယိုရိုက်ကူးခဲ့ပြီး အဲဒီလူကို အရင်ကတည်းက သံသယရှိခဲ့ကြောင်း သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။ သူက အဲဒီအမျိုးသားဟာ မကြာခဏဆိုသလို ပန်းခြံတစ်ဝိုက်ကို ဆိုင်ကယ်နဲ့ လှည့်ပတ်နေလေ့ရှိပြီး ပန်းခြံထဲက ခွေးလေခွေးလွင့်တွေကို လိင်ပိုင်းဆိုင်ရာပြုကျင့်မှုတွေ ထူးဆန်းစွာ ပြုမူလေ့ရှိတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ခြောက်လလောက်တုန်းကလည်း အနီးနားက စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးကလည်း အလားတူလုပ်ရပ်မျိုးကို တွေ့ခဲ့ပေမယ့် ဝင်ရောက်မပါဝင်ခဲ့ဘူးလို့ သိရပါတယ်။

အခုဖြစ်ပွားခဲ့တဲ့ ပန်းခြံက ဧကများစွာ ကျယ်ဝန်းပြီး အဆောက်အအုံများစွာ ပါဝင်ပါတယ်။ အဲဒီထဲမှာ နှစ်ထပ် အဆောက်အအုံနဲ့ အိမ်သာတွေလည်း ပါဝင်ပါတယ်။ အဲဒီနေရာက ပုံမှန်အားဖြင့် လေ့ကျင့်ခန်းလုပ်ဖို့ လာရောက်တတ်တဲ့ သက်ကြီးရွယ်အိုတွေ သွားလာလေ့ရှိပြီး ပန်းခြံထဲမှာ ခွေးလေခွေးလွင့် ၁၀ ကောင်ကနေ အကောင် ၂၀ ခန့်အထိ ရှိတာကြောင့် လူမြင်ကွင်းနဲ့ ဝေးတဲ့နေရာဖြစ်ပြီး ပြစ်မှုကျူးလွန်သူအတွက် ပုံမှန်ပြုလုပ်လေ့ရှိတဲ့ နေရာတစ်ခု ဖြစ်ခဲ့တာပါ။
အခုပြစ်မှုကျူးလွန်ခဲ့တဲ့ အဲဒီအမျိုးသားဟာ လာမယ့် စက်တင်ဘာလမှာ အငြိမ်းစားယူတော့မယ့် အစိုးရအရာရှိတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။ အာဏာပိုင်တွေက သူ့ကို အမှုဖွင့် အရေးယူဖို့အတွက် ဆင့်ခေါ်ထားပြီး ဗီဒီယိုသက်သေတွေက အဲဒီလုပ်ရပ်ကို ရှင်းရှင်းလင်းလင်း ဖော်ပြနေတာကြောင့် အာဏာပိုင်တွေက ထောင်ဒဏ်နဲ့ ငွေဒဏ်ချမှတ်နိုင်တယ်လို့ CH7 ရုပ်သံက ဖော်ပြပါတယ်။
တိရစ္ဆာန်ကယ်ဆယ်ရေး ကိုယ်စားလှယ်တွေကတော့ ဒီပြစ်မှုဟာ အလွန်ပြင်းထန်တဲ့ ရာဇဝတ်မှုဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး အဲဒီအမျိုးသားဟာ အလားတူလုပ်ရပ်မျိုးကို တစ်နှစ်ကျော်ကြာ ကျူးလွန်ခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ အာဏာပိုင်တွေဟာ နိုင်ငံ့ဝန်ထမ်း သူ့ရဲ့ မတော်မတရားပြုကျင့်မှုဟာ သူရပ်တည်နေတဲ့ အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် ပြည်သူ့ဝန်ထမ်းတွေရဲ့ လုပ်ရပ်အပေါ် တာဝန်ခံမှုရှိစေဖို့ သူ့ရဲ့ အစိုးရဌာနကိုလည်း အကြောင်းကြားသွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
Ref , Thaiger
