◾ အာဏာရခဲ့ပါက ဗြိတိန်နိုင်ငံသို့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို ငါးနှစ်အတွင်း ၆၀၀,၀၀၀ ခန့်ထိ ပြန်လည်နှင်ထုတ်မည်ဟု နိုင်ငံရေးပါတီတစ်ခုက ပြော



၂၈.၈.၂၀၂၅.
Translated by Htwe Ko Tun
ဗြိတိန် (ယူနိုက်တတ်ကင်းဒမ်း)နိုင်ငံမှာ ဘရက်ဇစ်ပါတီလို့ သိကြတဲ့ Reform UK နိုင်ငံရေးပါတီက တကယ်လို့များ လာမယ့်ရွေးကောက်ပွဲမှာ သူတို့ပါတီ အနိုင်ရပြီး အာဏာရခဲ့ရင် ငါးနှစ်အတွင်း ရွှေ့ပြောင်းနေထိုင်သူ ၆၀၀,၀၀၀ ခန့်ကို နိုင်ငံအတွင်းကနေ ပြန်လည်နှင်ထုတ်သွားမယ်လို့ ဩဂုတ်လ ၂၆ ရက်မှာ ပြောခဲ့ပါတယ်။
Reform UK နိုင်ငံရေးပါတီရဲ့ ခေါင်းဆောင် နိုင်ဂယ်လ် ဖာရေ့ဂျ်က သူသာ အာဏာရခဲ့ရင် ဗြိတိန်နိုင်ငံကို လှေငယ်လေးတွေနဲ့ ရောက်လာပြီး ခိုလှုံခွင့်တောင်းတဲ့သူတိုင်းကို လက်မခံဘဲ ပိတ်ပင်သွားမယ်လို့ ပြောခဲ့ပါတယ်။ သူက ဒီလိုရောက်ရှိလာကြတဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ မူရင်းနိုင်ငံတွေဖြစ်တဲ့ အာဖဂန်နစ္စတန်လိုနိုင်ငံတွေကို သူတို့ကိုပြန်လည်ခေါ်ယူဖို့ ပေါင်စတာလင် နှစ်ဘီလျံ အထိ ကမ်းလှမ်းထောက်ပံ့ပြီး အသုံးပြုသွားမယ်လို့လည်းပြောခဲ့ပါတယ်။ ဒီမှာ ပူးပေါင်းဆောင်ရွက်မှုမပြုရင် ဒီနိုင်ငံတွေကို ပိတ်ဆို့မှုတွေလုပ်ဖို့ အလားအလာရှိမယ်လို့လည်း သူက ဆိုခဲ့ပါတယ်။
လေဘာပါတီကတော့ ဒီအဆိုပြုချက်တွေက တကယ်တမ်း အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ကွန်ဆာဗေးတစ်ပါတီကတော့ ဒီနှစ်အတွင်း သူ့ပါတီက ကြေညာခဲ့တာတွေကို Reform UK က အတုယူပြီး လိုက်ပြောနေတာလို့ စွပ်စွဲခဲ့ပါတယ်။
ဖာရေ့ဂျ် က ဒီအစီအစဉ်ကို Operation Restoration Justice လို့တောင် အမည်ပေးခဲ့ပါတယ်။ သူက ဒီနည်းလမ်းက စက်လှေငယ်တွေနဲ့ အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ပြီး ရောက်လာနေကြတဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို တားဆီးဖို့တစ်ခုတည်းသောနည်းလမ်းလို့လည်း ဆိုခဲ့ပါတယ်။
ဝန်ကြီးချုပ်စတားမာအစိုးရကတော့ သူတို့အစိုးရအနေနဲ့ ဗြိတိန်နိုင်ငံထဲကို လူတွေခိုးသွင်းနေကြတဲ့ လူမှောင် ခိုဂိုဏ်းတွေကို နှိမ်နင်းဖို့ စီမံချက်တစ်ရပ်ဆောင်ရွက်နေတယ်လို့ ဆိုခဲ့ပါတယ်။ သူက ခိုလှုံခွင့်တောင်းခံမှု လုပ်ငန်းစဉ်တွေကို ပြန်လည်ဖွဲ့စည်းပြီး ဥပဒေစိုးမိုးရေးတာဝန်ရှိသူတွေလည်း ပိုမိုငှားရမ်းပြီး ဒီစီမံချက်ကိုဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ်။
၂၀၂၅ ခုနှစ်၊ ဇွန်လအထိ ဗြိတိန်နိုင်ငံကို ခိုလှုံခွင့်တောင်းခံဖို့ တရားမဝင်ရောက်ရှိလာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ ၁၃၄ ဒသမ ၈ သန်းအထိ ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ သူတို့အတွက် တစ်နေ့ကို ခုနှစ်ပေါင်စတာလင်ခန့်ကို အစိုးရက ထောက်ပံ့ပေးနေရပါတယ်။ ဒီလို ရွှေ့ပြောင်းနေထိုင်သူတွေထဲမှာ အိန္ဒိယ၊ ပါကစ္စတန်၊ ပိုလန်၊ ရိုမေးနီးယားနဲ့ အိုင်ယာလန်တို့ကတော့ အများဆုံးလို့လည်း သိရပါတယ်။
၂၀၂၅ ခုနှစ်အတွင်းမှာဆို ဗြိတိန်နိုင်ငံတစ်ဝန်းမှာ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အနှံ့အပြားဖြစ်ခဲ့ပြီး ဒါကိုထောက်ခံတဲ့ တက်ကြွလှုပ်ရှားသူလစ်ဘရယ်ဝါဒီတွေနဲ့ အတိုက်အခံ အဓိကရုဏ်းတွေတောင် ဖြစ်ခဲ့ရပါတယ်။
ဒါကြောင့်လည်း ဗြိတိန်မှာ တရားမဝင်ရောက်ရှိလာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအရေးက နိုင်ငံရေးပါတီတွေအတွက်လည်း အဓိက အလေးထားတဲ့ကိစ္စတစ်ခုဖြစ်လာနေရခြင်းပါပဲ။
Ref- BBC
