



၂၈.၈.၂၀၂၅
Written By Thandar
အနုပညာလောကထဲမှာ ရုပ်သံဇာတ်လမ်းတွဲတွေကတစ်ဆင့် ပရိသတ်အားပေးမှုများစွာ ရရှိလာတဲ့ သရုပ်ဆောင် မင်းသမီး သံသာညီက Mahar Original Series ဖြစ်တဲ့ အချစ်နှစ်ခုအားပြိုင်မှုတွေ ဇာတ်လမ်းပုံစံ “ရည်းစားဟောင်း(Ex)” ဇာတ်ကားမှာ ခပ်ဆိုးဆိုးအရွဲ့တိုက်တတ်တဲ့ ကောင်မလေး စွဲမက်နေရာက ပါဝင်ထားတယ်လို့ ဆိုပါတယ်။
“သာက ရည်းစားဟောင်း ဇာတ်ကားမှာ စွဲမက်ဆိုတဲ့ ကာရိုက်တာလေးနဲ့ပါ။ ဒီဇာတ်ကားက ဗီဒီယိုကားဆိုပေမယ့် မိုက်တယ်ပေါ့နော်။ ဇာတ်လမ်း ဇာတ်ကွက်လေးက သေချာလေးလည်း လုပ်ထားတယ်။ ကိုယ့် ကာရိုက်တာလေး အဆင်ပြေတယ်။ သဘောကျလို့ရိုက်ဖြစ်တာပါ။ ကာရိုက်တာက မြင်နေကြ မဟုတ်ဘဲ ခပ်ဆိုးဆိုး အရွဲ့တိုက်တတ်တဲ့ကောင်မလေးတစ်ယောက်ပေါ့။ အရမ်းကွဲထွက်နေတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူး။ ဗီဒီယိုဇာတ်ကားဆိုတော့ Series ထက် အိုက်တင်ပိုင်းကို တင်လို့ရတယ်။ သာက တစ်နာရီခွဲစာ ဆင်းန်ကလည်း ၃၀ ကျော်ဆိုတော့လေ။ Series ဆိုရင်တော့ ဆင်းန်က ၁၀၀ ကျော်တာဆိုတော့လေ။ ဗီဒီယိုကားဆိုတော့ ကိုယ့်ရဲ့ Emotion ပိုင်းကို ပေါ်အောင်ပြနိုင်မှ ပရိသတ်သိရမှာပေါ့။ သာကိုယ်တိုင် ခပ်မာမာ အလှုပ်ကာရိုက်တာတွေ လုပ်ချင်တာပါ။ လုပ်ရတာက အငြိမ်ကာရိုက်တာလေးတွေ ကမ်းလှမ်းတာများတာမို့ပါ။ ဒီဇာတ်ကားလေး မကြာခင် Mahar Application ကပြမှမို့ အားပေးကြပါလို့ ပြောချင်ပါတယ်”လို့ သံသာညီက ပြောပါတယ်။
သူမကတော့ ဒါရိုက်တာ ရာဇဝင်ကို ရိုက်ကူးထားတဲ့ ဇာတ်ကားမှာ သရုပ်ဆောင်တွေဖြစ်တဲ့ ကောင်းမြတ်စံ၊ ခွန်းည၊ ဥဩသံသာ၊ လှနုထွန်း၊ ကောင်းဟိန်း၊ အဂ္ဂ၊ မင်းသားကြီး၊ အောင်ဘုန်းသီဟ၊ ကြယ်စင်သန့်၊ အိသူသူကျော်၊ ထက်လဲ့လဲ့ဦးနဲ့အတူ ပါဝင်ထားတာလည်းဖြစ်ပါတယ်။
“ရည်းစားဟောင်း(Ex)” ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း ရန်နိုင်ထွန်းက ရေးသားပြီးတော့ ဒါရိုက်တာ ရာဇဝင်ကို အကောင်းဆုံးပုံဖော်ထားပြီး လာမယ့် ဩဂုတ်လ ၃၁ ရက်မှာ Mahar Application က ထုတ် လွှင့်ပြသမှာလည်း ဖြစ်ပါတယ်။
