၂၈. ၈. ၂၀၂၅
Translated by Thettant
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အင်ဂျင်နီယာကျောင်းသားတွေဟာ သူတို့ရဲ့ အချက်သုံးချက်ပါ တောင်းဆိုချက်တွေကို ဖော်ဆောင်ပေးဖို့အတွက် ကြားဖြတ်အစိုးရအဖွဲ့ အကြီးအကဲ မိုဟာမက် ယူနွတ်စ်ရဲ့ နေအိမ်ဖြစ်တဲ့ ဂျမူနာကို ချီတက်ဖို့ ကြိုးပမ်းခဲ့ရာမှာ ရဲတပ်ဖွဲ့နဲ့ အကြမ်းဖက် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့ပြီး ကျောင်းသားအနည်းဆုံး ၅၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ဒီ ကြာသပတေးနေ့မှာ ဖော်ပြပါတယ်။
အဆိုပါ ထိပ်တိုက်ရင်ဆိုင်မှုအတွင်း ရဲအရာရှိ ရှစ်ဦးအပြင် ရမ်နာဌာနခွဲ ဒုတိယကော်မရှင်နာ မက်ဆွတ် အာလမ်လည်း ဒဏ်ရာရခဲ့ပြီး နှစ်ဦးကတော့ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။
ဒီမတည်ငြိမ်မှုတွေဟာ ဘင်္ဂလားဒေ့ရှ် အင်ဂျင်နီယာနှင့် နည်းပညာတက္ကသိုလ် (BUET) အပါအဝင် အင်ဂျင်နီယာကျောင်းပေါင်းစုံက ကျောင်းသားတွေက ဗုဒ္ဓဟူးနေ့မှာ ဒါကာမြို့က ရှာဘတ်ဂ်လမ်းဆုံကို ပိတ်ဆို့ဆန္ဒပြရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ တောင်းဆိုချက်သုံးချက်ကတော့ ဒီပလိုမာအင်ဂျင်နီယာတွေ ‘အင်ဂျင်နီယာ’ ဘွဲ့ကို အသုံးပြုခြင်းက တားဆီးဖို့၊ ဒီပလိုမာအင်ဂျင်နီယာတွေ အဆင့် (၉) ကို ရာထူးတိုးမြှင့်တာ ကန့်သတ်ဖို့၊ ဘွဲ့ရအင်ဂျင်နီယာတွေအတွက် အဆင့် (၁၀) ရာထူးနေရာတွေမှာ ဦးစားပေးခန့်အပ်ဖို့တို့ ပါဝင်ပါတယ်။
ဒီလိုတောင်းဆိုရတာက ဘင်္ဂလားဒေ့ရှ်မှာ အစိုးရဝန်ထမ်းတွေကို အဆင့် (၁) ကနေ အဆင့် (၂၀) အထိ ခွဲခြားထားပြီး အဲဒီအထဲမှာ အဆင့် (၉) နဲ့ အဆင့် (၁၀) ရာထူးတွေက အစိုးရဌာနဆိုင်ရာတွေမှာ အရေးပါတဲ့ ရာထူးတွေ ဖြစ်ပါတယ်။ ဒီပလိုမာအင်ဂျင်နီယာတွေကို အဆင့် (၉) ရာထူးတိုးမြှင့်တာ ကန့်သတ်ဖို့ဆိုတာက ဒီပလိုမာဘွဲ့ ရထားတဲ့ အင်ဂျင်နီယာတွေဟာ အဆင့် (၁၀) မှာပဲ ရပ်တန့်နေပြီး အဆင့် (၉) ကို ရာထူးတိုးခွင့် မရစေဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။ ဘွဲ့ရအင်ဂျင်နီယာတွေကို အဆင့် (၁၀) ရာထူးနေရာတွေမှာ ဦးစားပေးခန့်အပ်ဖို့ ဆိုတာကတော့ ဘွဲ့ရအင်ဂျင်နီယာတွေက အဆင့် (၁၀) ဝင်ပေါက်နေရာတွေကို သူတို့အတွက် ဦးစားပေးထားဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။ ဒီလို တောင်းဆိုရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ ဘွဲ့ရအင်ဂျင်နီယာတွေက ဒီပလိုမာ အင်ဂျင်နီယာတွေထက် ပိုမိုမြင့်မားတဲ့ ပညာရေးအဆင့်နဲ့ အရည်အချင်းရှိတာကြောင့် အစိုးရဌာနတွေမှာ အရေးပါတဲ့ ရာထူးတွေနဲ့ ရာထူးတိုးမြှင့်မှုတွေမှာ သူတို့ကို ပိုပြီး အခွင့်အရေးပေးဖို့ တောင်းဆိုတာပဲ ဖြစ်ပါတယ်။
ဒီလိုတောင်းဆိုတဲ့ကျောင်းသားတွေ ဂျမူနာကို ချီတက်ဖို့ ကြိုးပမ်းခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က လူစုခွဲဖို့အတွက် မျက်ရည်ယိုဗုံး၊ အသံဗုံးနဲ့ မီးသတ်ပိုက်တွေ အသုံးပြုခဲ့ပါတယ်။ ဒါကို တုံ့ပြန်တဲ့အနေနဲ့ ကျောင်းသားအဖွဲ့တွေဟာ သူတို့ရဲ့ မပြည့်မြောက်သေးတဲ့ တောင်းဆိုချက်တွေအပြင် ဒါကာမြို့ရှိ Hotel InterContinental ရှေ့မှာ ရဲတပ်ဖွဲ့က အင်အားအလွန်အကျွံသုံးခဲ့တယ်လို့ဆိုကာ ကြာသပတေးနေ့မှာ တစ်နိုင်ငံလုံးရှိ အင်ဂျင်နီယာတက္ကသိုလ်အားလုံးကို “လုံးဝပိတ်ထားရန်” ကြေညာခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ ကျောင်းသားကိုယ်စားလှယ် ၁၁ ဦးက အစိုးရအဖွဲ့ အကြံပေးတွေဖြစ်တဲ့ မိုဟာမက် ဖော်ဇူလ်ကဘီယာခန်နဲ့ ဆယေဒ ရစ်ဇ်ဝါနာ ဟာဆန်တို့နဲ့ ဒါကာမြို့ Rail Bhaban မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ တစ်နာရီကြာမြင့်တဲ့ အဲဒီအစည်းအဝေးဟာ ပိတ်ဆို့နေတဲ့ အခြေအနေကို ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပါဘူး။ ကျောင်းသားများအဖွဲ့အစည်းဖြစ်တဲ့ Prokousholi Odhikar Andolon ရဲ့ အတွင်းရေးမှူးချုပ်ဖြစ်သူ ဆာကီဘူလ် ဟတ်လီပူက အစည်းအဝေးအပြီးမှာ တက္ကသိုလ်တွေ ပိတ်ထားမယ့်အကြောင်းကို ကြေညာခဲ့ပါတယ်။
သူက “အတန်းတွေနဲ့ စာမေးပွဲတွေအားလုံးကို ကြာသပတေးနေ့မှာ ဆိုင်းငံ့ထားပါမယ်” လို့ ပြောပါတယ်။ “ကျွန်တော်တို့ရဲ့ တောင်းဆိုချက် သုံးခုထဲက တစ်ခုမှ မပြည့်မြောက်သေးပါဘူး။ မူဝါဒချမှတ်သူတွေဟာ ကျွန်တော်တို့ လှုပ်ရှားမှုက ဘာအတွက်လဲဆိုတာတောင် မသိကြပါဘူး” လို့လည်း ပြောကြားခဲ့ပါတယ်။ မူလသုံးချက်ပါ တောင်းဆိုချက်တွေအပြင် ကျောင်းသားတွေက နောက်ထပ် ငါးချက်ပါ အခြေအနေတွေကိုပါ ထပ်မံ ချမှတ်ခဲ့ပါတယ်။ အဲဒီအထဲမှာ သူတို့က “ရက်စက်ကြမ်းကြုတ်ပြီး ဂုဏ်သိက္ခာမဲ့” တဲ့ ရဲတပ်ဖွဲ့ရဲ့ ကျောင်းသားတွေအပေါ် တိုက်ခိုက်မှုတွေအတွက် ပြည်ထဲရေးဝန်ကြီးဌာန အကြံပေး ဂျာဟန်ဂီယာ အာလမ် ချောင်ဒူရီက လူသိရှင်ကြား တောင်းပန်ဖို့နဲ့ တာဝန်ယူဖို့၊ လက်ရှိကော်မတီဟာ “ကိုယ်စားပြုမှု မရှိဘူး” လို့ ငြင်းပယ်ပြီး ဆရာ၊ ဆရာမတွေနဲ့ အင်ဂျင်နီယာတွေရဲ့ သက်ဆိုင်သူတွေကို ထည့်သွင်းဖွဲ့စည်းဖို့၊ သူတို့ရဲ့ အချက်သုံးချက်ပါ တောင်းဆိုချက်တွေကို အစိုးရအမိန့်နဲ့ ချက်ချင်းအတည်ပြုပေးဖို့၊ အကြံပေးတွေဖြစ်တဲ့ ဖော်ဇူလ် ကဘီယာ၊ အာဒီလူရ် ရာမန်နဲ့ ရစ်ဇ်ဝါနာ ဟာဆန်တို့ထံက အာမခံချက်ရရှိဖို့၊ ဒဏ်ရာရရှိသူတွေရဲ့ ဆေးဖိုးဝါးခတွေကို အစိုးရက ကျခံပေးဖို့၊ လှုပ်ရှားမှုအတွင်း ကျောင်းသားတွေရဲ့ လုံခြုံရေးကို အာမခံပေးဖို့နဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ရဲ့ အရေးယူဆောင်ရွက်မှုတွေ ရပ်တန့်ဖို့တို့ ပါဝင်ပါတယ်။
ဒီလို အကြမ်းဖက် ထိပ်တိုက်ရင်ဆိုင်မှုတွေဟာ ယူနွတ်စ် ဦးဆောင်တဲ့ အစိုးရအဖွဲ့ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက အာဏာရလာပြီးနောက်ပိုင်း ဆန္ဒပြလှုပ်ရှားမှုပေါင်းများစွာနဲ့ တရားဥပဒေမဲ့မှုတွေ တိုးပွားလာနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပြည်သူလူထု မငြိမ်မသက်မှုတွေ မြင့်တက်လာတဲ့ နောက်ခံအခြေအနေမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
Ref , thehansindia



