၂၈.၈.၂၀၂၅
Written by Hey Mar
စိတ္တဇဝေဒနာသည် သမီးဖြစ်သူက မအေအိုကြီးကို ကျိုးပဲ့ကာ သွေးထွက်သံယို ဖြစ်အောင် နှိပ်စက်ပြီး မျက်လုံးနှိုက်ထုတ်တာကြောင့် မျက်စိကျွတ်ထွက် ဝေဒနာပြင်းထန်စွာနဲ့ ဆေးရုံတက်ရောက် ကုသနေရတဲ့ ဖြစ်စဉ် မနေ့က ဩဂုတ်လ ၂၇ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စင်ရပ်ကွက်၊ ၇၂ လမ်း၊ ၃၆ လမ်းနဲ့ ၃၇ လမ်းကြားက နေအိမ်တစ်အိမ်မှာ ငှားရမ်းနေထိုင်တဲ့ သားအမိနှစ်ဦးက ရန်ကုန်ကနေ လာရောက်နေထိုင်တာ နှစ်အနည်းငယ် ရှိပြီဖြစ်ကြောင်း၊ အမေဖြစ်သူမှာ အသက် ၆၅ နှစ်အရွယ်ဖြစ်ပြီး ပေါင်ရိုးကျိုးထားလို့ မသန်စွမ်း ဖြစ်နေကြောင်း၊ အသက် ၃၆ နှစ်အရွယ် သမီးဖြစ်သူက အရင်က လုပ်ကိုင်ကျွေးမွေးနေတာဖြစ်ကြောင်းနဲ့ အခင်းဖြစ်တဲ့ အချိန်ကတော့ နဂိုစိတ်ဝေဒနာအခံရှိတဲ့ သမီးဖြစ်သူက ဆေးဝါးပုံမှန်မမှီဝဲရတော့တဲ့အခါ စိတ်ဖောက်ပြန်ပြီး မိခင်ကို ရိုက်နှက်၊ မျက်လုံးနှိုက်ထုတ်ခဲ့တာလို့ ဖြစ်စဉ် အခြေအနေကို ပျိုးနှုတ်ကောက်စိုက်လူ့အကြိုက် လူမှုကူညီရေးအသင်း(မင်္ဂလာမီးသတ်စခန်း)မှတာဝန်ရှိသူက မြင်တွေ့ကြားသိရတာကို MT News ကို ပြောပြပါတယ်။

ပျိုးနှုတ်ကောက်စိုက်လူ့အကြိုက် လူမှုကူညီရေးအသင်း(မင်္ဂလာမီးသတ်စခန်း)မှတာဝန်ရှိသူက “အခုတော့ အမေကြီး အခြေအနေက တည်ငြိမ်သွားပါပြီ။ မျက်စိကတော့ ဘယ်ဘက်က အလုံးလိုက်ကျွတ်သွားတာမို့ ပျက်စီးသွားတယ်။ ညာဘက်ကလည်း ရိုက်နှက်ခံထားရတော့ ဖူးယောင် ညိုမဲနေလို့ မြင်ရ မမြင်ရ မသေချာသေးပါဘူး။ အရင် ပေါင်ကျိုးထားတဲ့ ဝေဒနာက အခု ထပ်ပြီး ရိုက်နှက်ခံရတော့ ပိုဆိုးသွားတာပေါ့။ ကျွန်တော်တို့ အကူအညီလက်ခံတာတော့ လုံလောက်တဲ့ အခြေအနေ ရှိပြီမို့ ရပ်လိုက်ပါပြီ။ အမေကြီးဆေးရုံဆင်းရင် ကူညီစောင့်ရှောက်ဖို့လည်း အားလုံးပြင်ဆင်ထားပါတယ်။ သမီးဖြစ်သူကိုလည်း သက်ဆိုင်ရာက စိတ္တဇဆေးရုံပို့ဖို့ စီစဉ်နေတာမို့ ကျွန်တော်တို့ အသင်းအားဖြည့်ကူညီနေပါတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

လက်ရှိမှာတော့ ဝေဒနာပြင်းထန်စွာ ရရှိခံစားခဲ့ရဲ့ အမေကြီးက ဆွေမျိုးသားချင်းလည်းမရှိတဲ့အတွက် ပျိုးနှုတ်ကောက်စိုက်လူ့အကြိုက် လူမှုကူညီရေးအသင်း(မင်္ဂလာမီးသတ်စခန်း)ကပဲ လူနာရှင်အဖြစ် ဆောင်ရွက်ပေးကာ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
