MT News
၂၈. ၈. ၂၀၂၅
နိုင်ငံအတွင်း တိုက်ခိုက်ဖျက်ဆီးမှုများနှင့် အကြမ်းဖက် သတ်ဖြတ်မှုများ ကျူးလွန်နေသည့် KNU ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ယနေ့ ကြေညာလိုက်သည့်အပြင် မတရားအသင်းအဖြစ်အဖြစ်ပါ သတ်မှတ်လိုက်ကြောင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာန၏ ယနေ့ည ထုတ်ပြန်မှုအရ သိရသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အမိန့်ကြော်ငြာစာအမှတ်၊ ၁ /၂ဝ၂၅ ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င)နှင့် ပုဒ်မ ၇၂၊ ပုဒ်မခွဲ (ခ) ပါလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် KNU ကို အကြမ်းဖက်အဖွဲ့အဖြစ် ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် ကရင်အမျိုးသားအစည်းအရုံး (Kayin National Union-KNU) လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်မှုဖြစ်သည့် အများပြည်သူ၏ လုံခြုံရေးကိုဖြစ်စေ၊ အသက်အိုးအိမ်စည်းစိမ်ကိုဖြစ်စေ၊ အများပြည်သူ သို့မဟုတ် တစ်ဦးတစ်ယောက်အတွက် အရေးကြီးသော အခြေခံအဆောက်အအုံများကိုဖြစ်စေ၊ နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်း ကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကိုဖြစ်စေ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုများဖြစ်သည့် အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ လူနေထူထပ်သည့် မြို့ရွာများကို အဝေးမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များချ၍ တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မလူသစ် စုဆောင်းခြင်း၊ နိုင်ငံပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကို ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံတော်အတွင်းအခြေပြု၍ အကြမ်းဖက်မှုများ ကျူးလွန်လျက်ရှိသည်။
သို့ဖြစ်ပါ၍ အထက်ပါအကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိသည့် ကရင်အမျိုးသားအစည်းအရုံး (Kayin National Union-KNU) ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်သည်ဟု ဖော်ပြထားသည်။

ထို့အတူ ပြည်ထဲရေးဝန်ကြီးဌာနကလည်း အမိန့်ကြော်ငြာစာအမှတ်၊ ၉၂၂/၂ဝ၂၅ ဖြင့် KNU ကို မတရားအသင်းအဖြစ်ကြေညာလိုက်ပြီး နိုင်ငံတော်ယာယီသမ္မတသည် ကရင်အမျိုးသားအစည်းအရုံး(Kayin National Union-KNU) နှင့် အဖွဲ့ဝင်များ၊ ယင်းအဖွဲ့က ဖွဲ့စည်းထားသော အဖွဲ့အစည်းများ၊ အဖွဲ့အစည်းများနှင့် ဆက်နွယ်သည့် ပုဂ္ဂိုလ်များ၏ ရည်ရွယ်ချက်နှင့် လုပ်ရပ်များမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရား ဥပဒေစိုးမိုးရေးကိုလည်းကောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုလည်းကောင်း၊ အများပြည်သူ တို့၏ အေးချမ်းသာယာရေးကိုလည်းကောင်း အနှောင့်အယှက်အန္တရာယ်ဖြစ်စေသည်ဟု ယုံကြည် ယူဆသည်။
သို့ဖြစ်ပါ၍ နိုင်ငံတော်ယာယီသမ္မတသည် မတရားအသင်းများအက်ဥပဒေပုဒ်မ ၁၆ အရ အထက်ဖော်ပြပါ အဖွဲ့၊ ယင်းအဖွဲ့က ဖွဲ့စည်းထားသော အဖွဲ့အစည်းများကို မတရားအသင်းများ အက်ဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ (၂)ပါ အဓိပ္ပာယ်ဖော်ပြချက်များနှင့်အညီ မတရားအသင်းအဖြစ် ကြေညာလိုက်သည်ဟု ဖော်ပြ ကြေညာခဲ့သည်။
