နေမိုး
၂၈. ၈. ၂၀၂၅
KNU, PDF နဲ့ လက်နက်ကိုင်အများအပြား ကြီးစိုးထားတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ပြည်သာယာ (၄) လမ်းက သန့်ဇင်အနှိပ်ခန်းမှာ သုံးနှစ်သားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် သုံးလောင်းပြိုင် သတ်ဖြတ်သွားမှုဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဉ်က မနေ့က ဩဂုတ်လ ၂၇ ရက် ည ၈ နာရီခွဲအချိန်ခန့်က မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ပြည်သာယာ (၄) လမ်း၊ ဒေါ်လာသွင်းခုံအနီးမှာ ဖွင့်လှစ်ထားတဲ့ သန့်ဇင်အနှိပ်ခန်းကို ကရင်လွယ်အိတ်လွယ်ထားတဲ့ အမည်မသိ အမျိုးသားတစ်ဦး ဆိုင်ကယ်နဲ့ရောက်ရှိလာပြီး အနှိပ်ခန်းပိုင်ရှင်မိသားစုသုံးဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ဒေသခံတွေရဲ့ ကနဦးပြောဆိုမှုအရ သိရပါတယ်။
ဒီပစ်ခတ်မှုအတွင်း သန့်ဇန်အနှိပ်ခန်းပိုင်ရှင် ဇနှီးမောင်နှံနှစ်ဦးနဲ့ သားဖြစ်သူ ၂ နှစ် ၉ လသားအရွယ်ကလေးငယ် အပါအဝင် မိသားစု (၃) ဦးစလုံး အခင်းဖြစ်နေရာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့လည်း သိရပါတယ်။
“မြဝတီမှာ ညက မာဆတ်ကို ဝင်ပစ်တာက ဆိုင်ကယ်နဲ့လာတယ်။ ကရင်လွယ်အိတ်အဖြူနဲ့ အရင်ဆုံး ဆိုင်ရှေ့က ကလေးချီထားတဲ့ ဆိုင်ရှင်နဲ့သူ့ကလေးကို အရင်ပစ်တယ်။ ပြီးတော့ အထဲကထွက်လာတဲ့ ဆိုင်ရှင်အမျိုးသမီးကိုပစ်တယ်။ အမျိုးသမီးကိုဆေးရုံပို့တယ်။ ဆေးရုံမှာ ဆုံးသွားတယ်။ မိသားစု သုံးဦးလုံး ဆုံးသွားတာပေါ့။ ဘာကြောင့်လုပ်တယ်ဆိုတာကတော့ သေချာမသိဘူး။ လုပ်ကြံခံရသူမိသားစုက အဖွဲ့အစည်းနဲ့ဆက်စပ်တဲ့သူလား။ PDF နဲ့ ပတ်သက်တဲ့သူလား။ ဒါမှမဟုတ် သာမန်ပြည်သူလား။ အချင်းချင်းလုပ်ကြံတာလား။ ဒါမှမဟုတ် ငွေပေးပြီး လုပ်ကြံခိုင်းတာလား။ ဘယ်လိုကိစ္စဖြစ်ဖြစ်ပါ အသက်တွေက စျေးပေါနေတယ်”လို့ ဖြစ်စဥ်သိရှိသူတစ်ဦးက ဆိုပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ကျူးလွန်တဲ့အဖွဲ့အစည်းက ဝန်ခံထားတာ မရှိသေးသလို ကလေးငယ်ကိုပါမချန် သတ်ဖြတ်ကြမှုအပေါ် ရှုတ်ချနေကြတာလည်း တွေ့ရပါတယ်။ KNU နဲ့ PDF တွေ အားကောင်းတဲ့ ဒီဒေသမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ အစိုးရနဲ့ နီးစပ်သူတွေ မကြာခဏဆိုသလို PDF တို့ သတ်ဖြတ်မှု ခံနေရပြီး တရားခံတွေလည်း လွတ်မြောက်နေပါတယ်။
