သတိုး
၂၈ . ၈. ၂၀၂၅
တရုတ်ပြည်သူ့သမ္မတနိုင်ငံမြောက်ပိုင်း ထျန်းကျင်းမြို့တွင် ဩဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၁ ရက်အထိ ကျင်းပသွားမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation SCO SUMMIT 2025) သို့ မြန်မာနိုင်ငံ၏ ယာယီသမ္မတ (တာဝန်)၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် နိုင်ငံ ၂၆ ခု၏ ခေါင်းဆောင်အကြီးအကဲများ တက်ရောက်မည်ဖြစ်သည်။
SCO သို့ တက်ရောက်မည့် ခေါင်ဆောင်များအဖြစ် ယာယီသမ္မတ (တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်၊ မြောက်ကိုရီးယား အလုပ်သမားပါတီ ဥက္ကဋ္ဌ ကင်ဂျုံအန်၊ ကမ္ဘောဒီးယား ဘုရင် နိုရိုဒွန်သီဟာမိုနီ၊ ဗီယက်နမ် သမ္မတ လွင်ကွမ်၊ လာအို သမ္မတ သောင်လောင်ဆီဆိုလစ်၊ အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီယန်တို၊ မလေးရှား ဝန်ကြီးချုပ် အန်ဝါးအီဘရာဟင်၊ မွန်ဂိုလီးယား သမ္မတ အူခနာဂင်း ခူရယ်လ်ဆွတ်၊ ပါကစ္စတန် ဝန်ကြီးချုပ် မူဟာမတ်ရှာဘတ်ရှာရစ်၊ နီပေါ ဝန်ကြီးချုပ် ကေပီ ရှာမာ အိုလီ၊ မော်လ်ဒိုက် သမ္မတ မူဟာမတ် မူအစ်စု၊ ကာဇက်စတန် သမ္မတ ကတ်ခ်ဆန်ဂျိုးမာ့တ်တိုးကာရာ့ဖ်၊ ဥဇဘက်ကစ္စတန် သမ္မတ ရှာဗတ် မီးဇ်ရီယိုယေ့ဖ်၊ တာဂျစ်ကစ္စတန် သမ္မတ အမ်မိုမလီ ရာမွန်၊ ကာဂျစ်စ္စတန် သမ္မတ ဆာဒီး ရှာပရော့ဗ်နှင့် တာ့ခ်မင်နစစ္စတန် သမ္မတ ဆာဒါးဘာဒါမူဟာမတ်ဒေါဖ်တို့ တက်ရောက်မည်ဖြစ်သည်။
ထို့အပြင် ဘယ်လာရုစ် သမ္မတ အလက်ဇန်းဒါးလူကာရှန်ကို၊ အဇာဘိုင်ဂျန် သမ္မတ အီလဟမ် အာလီယက်ဗ်၊ အာမေးနီးယား ဝန်ကြီးချုပ် နီကိုးလ် ပါရှင်းနွန်၊ အီရန် သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်၊ ကွန်ဂို သမ္မတ ဒီနစ် ဆက်ဆူနျူအက်ဆို၊ ဇင်ဘာဘွေ သမ္မတ အီမာဆန် မနန်ဂါဂွာ၊ ဆားဘီးယား သမ္မတ အလက်ဇန်းဒါး ဗူဆစ်၊ စလိုဗက်ကီးယား ဝန်ကြီးချုပ် ရော်ဘတ်ဖီကို၊ ကျူးဘား သမ္မတ မီဂေးလ် ဒီအက်-ကာနယ်တို့လည်း တက်ရောက်မည်ဟု သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping ၏ ဖိတ်ကြားချက်အရ SCO Summit 2025 သို့ တက်ရောက်မည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဆိုပါ အလုပ်သဘောခရီးစဉ်အတွင်း SCO SUMMIT 2025 သို့တက်ရောက်ခြင်း၊ ပေကျင်း၌ ကျင်းပပြုလုပ်မည့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား တက်ရောက်ခြင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ H.E. Mr. Xi Jinping နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။
တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသည့် SCO ၏ ၂၅ ကြိမ်မြောက် နိုင်ငံ့အကြီးအကဲများ ကောင်စီအစည်းအဝေးနှင့် SCO Plus အစည်းအဝေးတွင် တရုတ်သမ္မတက သဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်ကာ အဓိကကျသည့် မိန့်ခွန်းများလည်း ပြောကြားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်လ ၂၂ ရက်တွင် ကြေညာခဲ့ကာ တခြားသော SCO အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များနှင့် ပူးတွဲ၍လည်း ကြေညာချက်ထုတ်ပြန်မည်ဖြစ်ပြီး လာမည့် ၁၀ နှစ်အတွက် SCO ၏ ဖွံ့ဖြိုးတိုးတက်ရေး ဗျူဟာကို အတည်ပြုသွားမည်ဖြစ်သည်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း SCO ကို ၂၀၁၁ ခုနှစ်၊ ဇွန်လ ၁၅ ရက်က တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို၌ ကာဇက်စတန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံ၊ ရုရှားနိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံနှင့် ဥဇဘက်ကစ္စတန် (၆) နိုင်ငံတို့ဖြင့် စတင်ဖွဲစည်းခဲ့ပြီး ယခုတွင် တင်းပြည့်အဖွဲ့ဝင် ၁၀ နိုင်ငံအဖြစ် ကာဇက်စတန်၊ တရုတ်၊ ကာဂျစ်စတန်၊ ရုရှား၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်၊ အိန္ဒိယ၊ ပါကစ္စတန်၊ အီရန်နှင့် ဘယ်လာရုစ် အပါအဝင် ၁၀ နိုင်ငံ၊ လေ့လာသူနှစ်နိုင်ငံအဖြစ် အာဖဂန်နစ္စတန်နိုင်ငံနှင့် မွန်ဂိုလီးယားနိုင်ငံတို့အပြင် ဆွေးနွေးဖက်နိုင်ငံ (၁၄) နိုင်ငံအဖြစ် အဇာဘိုင်ဂျန်၊ အာမေးနီးယား၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဘာရိန်း၊ ကမ္ဘောဒီးယား၊ ကူဝိတ်၊ မော်ဒိုက်ဗ်၊ မြန်မာ၊ နီပေါ၊ တူကီယဲ၊ သီရိလင်္ကာ၊ အီဂျစ်၊ ဆော်ဒီအာရေဗျနှင့် ကာတာတို့ ပါဝင်သည်ဟု သိရသည်။
