




၂၅.၈.၂၀၂၅
Written by Hey Mar
စိတ်ဝေဒနာသည် အမျိုးသားတစ်ဦး ရေနုတ်မြောင်းကျယ်ထဲ ခုန်ချသွားတဲ့အတွက် ပရဟိတစေတနာ့ဝန်ထမ်းတွေက အချိန်နဲ့တစ်ပြေးညီ သိရှိကာဆင်းဆယ်ပေမယ့် သေဆုံးလျက် ရုပ်အလောင်းသာ ပြန်တွေ့တဲ့ဖြစ်စဉ် ဒီနေ့ ဩဂုတ် ၂၅ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က လှိုင်သာယာမြို့မှာ ဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဉ်က လှိုင်သာယာမြို့နယ်၊ သမကုန်းအဝိုင်း မီးပွိုင့်အနီးက ရေနုတ်မြောင်းကျယ်ထဲကို စိတ်ကျန်းမာရေး ချို့ယွင်းနေတဲ့ အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦး ဆင်းသွားတာကို လမ်းဘေးကွမ်းယာဆိုင်ကမြင်တွေ့လိုက်ပြီး မိနစ်ပိုင်းအတွင်း ရေနစ်ကြောင်း သိရှိတဲ့အတွက် လှိုင်သာယာ သမကုန်းအဝိုင်းအနီး အခြေပြုတဲ့ လူမှုကူညီရေးအသင်းထံ ဝိုင်းဝန်းဆက်သွယ်အကူအညီတောင်းခံခဲ့ကြတာပါ။
မြေပြင်ရောက်ရှိကူညီခဲ့တဲ့ ခွန်အားသစ် လူမှုကူညီရေးအသင်း တာဝန်ရှိသူက “ကျွန်တော်တို့ သိရှိချိန်နဲ့ ရောက်ရှိ ဆယ်ယူနိုင်ချိန် ၁၅ မိနစ်တောင်မကြာပါဘူး။ ဒါပေမယ့် လူက ဆင်းသွားပြီး ပတ်ဝန်းကျင်က သိတဲ့အချိန်နဲ့ဆို နာရီဝက်လောက် ကြာသွားမယ်ထင်တယ်။ သေဆုံးလျက်ပဲ ဆယ်ယူနိုင်ခဲ့ပါတယ်။ ရေကလည်း ဗေဒါဒိုက်တွေ အမှိုက်တွေနဲ့ ပုပ်ပြီးနံနေတော့ သူနစ်နစ်ချင်း ဆင်းမဆယ်နိုင်ကြဘဲ ကျွန်တော်တို့ရောက်မှ ရေငုပ်ရှာရပါတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
ရေထဲခုန်ချတဲ့ စိတ်ဝေဒနာသည်ရဲ့ အမည်မှာ ကိုသန့်ဇင်ထွန်းလို့ သိရှိရပြီး လှိုင်သာယာမြို့နယ်၊ အောင်တေဇလမ်း(၁၁)ရပ်ကွက် နေထိုင်သူဖြစ်ကာ မိသားစုနဲ့ ဆက်သွယ်ချိတ်ဆက်လို့ ရရှိတဲ့အတွက် ခွန်အားသစ်လူမှုကူညီရေးအသင်းကပဲ လှိုင်သာယာပြည်သူဆေးရုံရင်ခွဲရုံဆီ ပို့ဆောင်ကူညီခဲ့တယ်လို့ သိရပါတယ်။
