
၂၅. ၈. ၂၀၂၅
Translated by Thettant
အင်ဒိုနီးရှားနှင့် အမေရိကန်တို့သည် ယနေ့ ဩဂုတ်လ ၂၅ ရက်၊ တနင်္လာနေ့မှစ၍ ပစိဖိတ်ဒေသ၏ တည်ငြိမ်မှုအတွက် ရည်ရွယ်ပြီး မဟာမိတ် ၁၁ နိုင်ငံနှင့် ပူးပေါင်းကာ ဆယ်ရက်ကျော်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို စတင်ခဲ့သည်။
နှစ်စဉ်ကျင်းပနေသည့် “Super Garuda Shield” စစ်ရေးလေ့ကျင့်မှုများကို မြို့တော် ဂျကာတာနှင့် ဆူမတြာကျွန်း အနောက်ဘက်ရှိ နေရာများ၊ ရီအာအူကျွန်းစုများတွင် ယနေ့မှ စက်တင်ဘာလ ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
ယခုနှစ် စစ်ရေးလေ့ကျင့်မှုတွင် အင်ဒိုနီးရှားတပ်ဖွဲ့ဝင် ၄,၁၀၀ ကျော်နှင့် အမေရိကန်တပ်ဖွဲ့ဝင် ၁,၃၀၀ တို့အပြင် ဩစတြေးလျ၊ ဂျပန်၊ စင်ကာပူ၊ ပြင်သစ်၊ နယူးဇီလန်၊ ဗြိတိန်နှင့် အခြားနိုင်ငံများမှ ပါဝင်သူများလည်း ပူးပေါင်းပါဝင်ကြသည်။
အမေရိကန်နှင့် ဩစတြေးလျကဲ့သို့သော မဟာမိတ်အချို့သည် တရုတ်နိုင်ငံ၏ ပစိဖိတ်သမုဒ္ဒရာတွင် စိုးမိုးလိုမှုများ တိုးလာခြင်းအပေါ် စိုးရိမ်ပူပန်မှုများရှိနေသော်လည်း ဝါရှင်တန်ကမူ ယခု စစ်ရေးလေ့ကျင့်မှုများသည် တရုတ်ကို ရည်ရွယ်ခြင်းမဟုတ်ကြောင်း ယခင်က ပြောကြားခဲ့သည်။
အမေရိကန် အင်ဒို-ပစိဖိတ် ကွပ်ကဲရေးမှူး Samuel Paparo က ယခုနှစ် စစ်ရေးလေ့ကျင့်မှုသည် သမိုင်းတစ်လျှောက် အကြီးဆုံးသော “Super Garuda Shield” စစ်ရေးလေ့ကျင့်မှု ဖြစ်ပြီး ပါဝင်သည့် နိုင်ငံများအနေဖြင့် ရန်လိုမှုများကို တွန်းလှန်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

“အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းဖို့အတွက် အားလုံးက ပူးပေါင်းပြီးတော့ အကြမ်းဖက်မှုနဲ့ အခြေအနေကို ပြောင်းလဲလိုသူမှန်သမျှကို တားဆီးမယ့် သဘောတရားကို ကိုယ်စားပြုပါတယ်” ဟု Samuel Paparo က တနင်္လာနေ့ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သလို “ကျွန်တော်တို့ အနေနဲ့ နယ်ပယ်အားလုံးမှာ နေ့စဉ် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နေကြပါတယ်။ ဒါမှ လိုအပ်တဲ့အချိန်မှာ မိတ်ဖက်တွေအနေနဲ့ အပြန်အလှန်လိုအပ်လာခဲ့ရင် စိတ်ချယုံကြည်စွာနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အင်ဒိုနီးရှားစစ်တပ်၏ ပြောကြားချက်အရ အဆိုပါ အစီအစဉ်များတွင် ဝန်ထမ်းများ၏ စွမ်းရည်လေ့ကျင့်မှု၊ ဆိုက်ဘာကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုများနှင့် လက်တွေ့ပစ်ခတ်မှု အစီအစဉ်များ ပါဝင်ကြောင်း သိရသည်။
အိန္ဒိယ၊ ပါပူအာနယူးဂီနီနှင့် အရှေ့တီမောအပါအဝင် နိုင်ငံများမှလည်း စစ်ရေးလေ့ကျင့်ခန်းများအတွက် လေ့လာသူများကို စေလွှတ်ခဲ့သည်။
အင်ဒိုနီးရှားသည် ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး အမေရိကန်နှင့် တရုတ်တို့အကြား သံတမန်ရေးအရ ဟန်ချက်ညီအောင် ထိန်းညှိကာ နှစ်နိုင်ငံစလုံးနှင့် ဆက်ဆံရေးကောင်းများ ထိန်းသိမ်းထားရန် ကြိုးစားနေသည်။
Super Garuda Shield” စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သည့် နိုင်ငံအရေအတွက်မှာ နှစ်အလိုက် ကွာခြားမှု ရှိသော်လည်း ၂၀၂၅ ခုနှစ်အတွက် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည်ဟု ဖော်ပြထားသည့်နိုင်ငံများနှင့် လေ့လာသူနိုင်ငံများမှာ အင်ဒိုနီးရှား၊ အမေရိကန်၊ ဩစတြေးလျ၊ ပြင်သစ်၊ ဂျပန်၊ နယူးဇီလန်၊ စင်ကာပူ၊ ဗြိတိန်၊ အိန္ဒိယ၊ ပါပူအာနယူးဂီနီ၊ အရှေ့တီမော၊ ကနေဒါနှင့် ဘရာဇီးတို့ဖြစ်သည်။
