
MT News
၂၅. ၈. ၂၀၂၅
ပြောင်းလဲနေသော ကမ္ဘာကြီးတွင် မျိုးဆက်သစ်လူငယ်များ တက်ကြွစွာပါဝင်နိုင်ရေး ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ (Future Front Myanmar : Youth Strategy Forum -2025) ကို ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) တွင် ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၁ ရက်ထိ သုံးရက်တာ ကျင်းပသွားမည်ဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank)တို့ ပူးပေါင်း ကျင်းပမည့် အဆိုပါလူငယ်မဟာဗျူဟာဖိုရမ်ကို နိုင်ငံတကာရေးရာ၊ ပထဝီနိုင်ငံရေးနှင့် အမျိုးသား မဟာဗျူဟာနှင့်ပတ်သက်သည့် အခြေခံဗဟုသုတများ ရရှိစေရန်၊ လူငယ်များအကြား ခေါင်းဆောင်မှု၊ စူးစမ်းစဉ်းစားနိုင်မှုနှင့် ဆက်သွယ်ရေးကျွမ်းကျင်မှုအရည်အချင်းများ မြှင့်တင်ရန်၊ အပြန်အလှန် ဆွေးနွေးပြောဆိုမှုများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု၊ ဆွေးနွေးနှီးနှောမှုနှင့် ပြည်သူ့နီတိ ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ရန်၊ လူငယ်များ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် အနာဂတ်လမ်းကြောင်းများကို ရှုမြင်အဆိုပြုနိုင်စွမ်းမြှင့်တင်ရန်နှင့် အနာဂတ်တွင် အမျိုးသားအဆင့်နှင့် ဒေသဆိုင်ရာအဆင့်လုပ်ငန်းအစီအစဉ်များအတွက် တက်ကြွသည့် ဖိုရမ်ဆင်း လူငယ်ကွန်ရက်ကို ဖန်တီးပေးရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖိုရမ်တွင် အိန္ဒိယနိုင်ငံမှ မဟာဗျူဟာရေးရာ လေ့လာသုံးသပ်သူ Mr. Atul Aneja က ပြောင်းလဲနေသောကမ္ဘာနှင့် မြန်မာ-ပထဝီနိုင်ငံရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာ၊ ပထဝီနိုင်ငံရေးနှင့် ဗဟုဝင်ရိုးကမ္ဘာခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆွစ်ဇာလန်နိုင်ငံ SUPDI ၊ Distance Private University မှ တွဲဖက်ပါမောက္ခ Mr. Lorenzo Maria Pacini က ပြောင်းလဲနေသောကမ္ဘာနှင့် မြန်မာ-ပထဝီနိုင်ငံရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာ၊ စီးပွားရေးနှင့် ဗဟုဝင်ရိုးကမ္ဘာခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြမည်ဖြစ်သည်။
ထို့အပြင် ဖိုရမ်သို့တက်ရောက်ကြမည့် လူငယ်များ၏ အနာဂတ်မြန်မာနိုင်ငံအတွက် ရှုမျှော်မှု (Icebreaker Activity) ပုံစံ၊ ကမ္ဘာ့ကဖေးဆွေးနွေးပွဲ (World Café) ပုံစံ၊ လန်းဆန်းနှိုးထဉာဏ်စမ်း (Energizer Quiz) ပုံစံ၊ အဖွဲ့အလိုက်ဆွေးနွေးပွဲ(Team Workshop) ပုံစံများဖြင့် ဆွေးနွေးကြမည် ဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လူငယ်များ ပါဝင်တက်ရောက် ကြမည်ဖြစ်ကြောင်း၊ ဖိုရမ်နောက်ဆုံးရက်တွင် လူငယ်များ၏ ဆွေးနွေးပွဲရလဒ်များကို ကြေညာချက်စာတမ်းတစ်ရပ် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
