
၂၅.၈.၂၀၂၅
Translated by Htwe Ko Tun
တောင်ကိုရီးယားနိုင်ငံသမ္မတဟောင်း ယွန်ဆပ်ယိုလ်ရဲ့ စစ်အုပ်ချုပ်ရေး အမိန့်ကို ဖြစ်ကတတ်ဆန်း ချမှတ်ခဲ့မှုမှာ ဝန်ကြီးချုပ်ဟောင်း ဟန်ဒတ်ဆူးရဲ့ ပါဝင်ပတ်သက်မှုအပေါ် စွပ်စွဲထားမှုအတွက် ဝန်ကြီးချုပ်ဟောင်းကို ဖမ်းဝရမ်းထုတ်မိန့် ပြု၊ မပြု ဆုံးဖြတ်ဖို့ အခုသီတင်းပတ်အတွင်း ကြားနာစစ်ဆေးမယ်လို့ ဆိုးလ်မြို့၊ ဗဟိုခရိုင်တရားရုံးက ဩဂုတ်လ ၂၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဆိုးလ်ဗဟိုခရိုင်တရားရုံးက ကြားနာစစ်ဆေးမှုကိုဩဂုတ်လ ၂၇ ရက် မွန်းလွဲ ၁ နာရီခွဲမှာ ပြုလုပ်သွားဖို့ ချိန်းဆိုခဲ့တယ်လို့ သိရပါတယ်။ အထူးအကြံပေး ချိုအန်ဆပ်က ဟန်အပေါ် ဆူပူအုံကြွမှု၊ ဂိုဏ်းခေါင်းဆောင်ကို အားပေးကူညီမှု၊ တရားဝင်စာရွက်စာတမ်းတွေကို အတုအယောင်လုပ်မှုနဲ့ဖျက်ဆီးမှု၊ မုသားသက်သေခံမှု တို့အပါအဝင် စွဲချက်တွေနဲ့ ဖမ်းဆီးဖို့ ဝရမ်းတောင်းခံပြီးတဲ့နောက် အခုလို တရားရုံးက ဖမ်းဝရမ်းအတွက် ချိန်းဆိုခဲ့တာပါ။
ဟန်က စစ်အုပ်ချုပ်ရေး အမိန့်ကြေညာချက်မပြုမီ အစိုးရအဖွဲ့ အစည်းအဝေးကို အဆိုပြုပေးခဲ့တဲ့ အပြင် အမိန့်ကြေညာစာရေးဆွဲပြီးနောက်ပိုင်းမှာ အမိန့်ရဲ့တရားဝင်မှုကို မြှင့်တင်ဖို့ ရည်ရွယ်တဲ့ ပြန်လည်ပြင်ဆင်တဲ့ ကြေညာချက်ကို ဖျက်စီးခြင်းဖြင့် သမ္မတဟောင်း ယွန်ဆပ်ယိုလ်ရဲ့ သက်တမ်း တိုလှတဲ့ စစ်အုပ်ချုပ်ရေးကို ဒီဇင်ဘာလအတွင်းက ပြဌာန်းရာမှာ အားပေးကူညီခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
ဒါ့အပြင် ဝန်ကြီးချုပ်ဟောင်းဟာ စစ်အုပ်ချုပ်ရေးအမိန့်ကို ရုပ်သိမ်းပြီးတဲ့တိုင်အောင် စစ်အုပ်ချုပ်ရေး အမိန့်ကြေညာချက် မိတ္တူတည်ရှိမှုကို သူ့အနေနဲ့ သတိမပြုမိဘူးလို့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံးနဲ့ အမျိုးသားလွှတ်တော် မှာ ကျမ်းသစ္စာကျိန်ဆိုတုန်းက လိမ်လည်ခဲ့တယ်လို သံသယ ရှိခံထားရပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဟန်ဒတ်ဆူးကို ၁၉၄၉ ခုနှစ်၊ ဇွန်လမှာ မွေးဖွားခဲ့ပြီး တောင်ကိုရီးယားသံတမန်၊ စီးပွားရေးပညာရှင်နဲ့ နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်တဲ့အပြင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းနဲ့ ၂၀၂၅ ခုနှစ် မတ်လမှ မေလအထိ တောင်ကိုရီးယားနိုင်ငံရဲ့ ယာယီသမ္မတအဖြစ် ထမ်းဆောင်ခဲ့ပြီး ၊ ၂၀၀၇ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိနဲ့ ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိလည်းတောင်ကိုရီးယားနိုင်ငံရဲ့ ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
Ref- Yonhap
