၂၅ .၈. ၂၀၂၅
Written by Hey Mar
စိတ်ကျန်းမာရေးမကောင်းတဲ့ဇနီးနဲ့ အတူနေတဲ့ ခင်ပွန်းဖြစ်သူက သေဆုံးနေတာကို ပတ်ဝန်းကျင်က အပုပ်နံ့တွေရမှ သိရှိကာ သက်ဆိုင်ရာကို အကူအညီတောင်းရတဲ့ ဖြစ်စဉ် မနေ့က ဩဂုတ်လ၂၄ ရက်နေ့က ရန်ကုန်မြို့ ၊ ဗိုလ်တထောင်မြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
အဆိုပါသေဆုံးသူနဲ့ သူ့ဇနီးက နှစ်ဦးတည်းနေထိုင်ကာ ဇနီးမှာ စိတ်မူမမှန်ဘဲ သေဆုံးသူရဲ့ ရုပ်အလာင်းနဲ့ ရက်ပိုင်းခန့်အတူ နေထိုင်ခဲ့တာလို့ သိရပါတယ်။
ရုပ်အလောင်းသွားရောက်ကောက်ယူခဲ့တဲ့ အဖြူရောင်ကမ်းလက် လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ကျွန်တော်တို့ကို သက်ဆိုင်ရာက ဖုန်းဆက်ခေါ်ယူပြီး DB သယ်ခိုင်းလို့ သွားသယ်ပေးတာပါ။ အမျိုးသမီးဖြစ်သူက သူ့ယောက်ျားရုပ်အလောင်းကို အသယ်မခံလို့ သူ့ကို အပြင်ထွက်သွားအောင်လုပ်ပြီး မရှိချိန် သယ်ရတယ်။ သေတာက လေး၊ ငါးရက်လောက် ရှိနေပြီမို့ အလောင်းသယ်ထုတ်ပြီး ရှင်းလင်းပေးတာ၊ ပိုးသတ်ဆေးဖျန်းတာတွေ လုပ်ဆောင်ပေးခဲ့ပါတယ်” လို့ MT News ကို ပြောပါတယ်။
အဆိုပါ သေဆုံးသူမှာ အသက် ၅၆ နှစ်လို့ သိရှိရပြီး စိတ်မူမမှန်တဲ့ သူ့ဇနီးကလည်း အသက်ငါးဆယ်ကျော်အရွယ်ပဲလို့ ခန့်မှန်းသိရပါတယ်။
ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံဆီလူမှုကူညီရေးအသင်းကားနဲ့ ပို့ဆောင်ကူညီပေးခဲ့ပြီး ဆေးရုံကြီးက PR No.006 နဲ့ လက်ခံထားတယ်လို့ သိရပါတယ်။


