၂၅. ၈. ၂၀၂၅
Written by Nay Moe
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၌ KNU နှင့် PDF ပူးပေါင်းအဖွဲ့က မီးရထားလမ်းပေါ်၌ ဆီဘောက်ဆာယာဉ်တစ်စီးအား မီးရှို့ဖျက်ဆီးသွားကာ ဂုံမင်းတာကျေးရွာနေ ရာအိမ်မှူးတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှု အုတ်တွင်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၃ ရက် နံနက် ၃ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးရထားလမ်းကြေးနန်းမိုင်တိုင်အမှတ်(၁၄၅/၁၁ -၁၂)ကြား၌ KNU နှင့် PDF ပူးပေါင်းအဖွဲ့က ဆီဘောက်ဆာယာဉ်တစ်စီးအား မီးရထားလမ်းပေါ်တွင် ကန့်လန့်ဖြတ်ပိတ်ရပ်၍ မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်မီးငြှိမ်းသတ်ကာ အဆိုပါယာဉ်အား မီးရထားလမ်းပေါ်မှ ဖယ်ရှားရှင်းလင်းခဲ့သည်ဟု သိရသည်။

ထိုသို့ ဖယ်ရှားရှင်းလင်းပြီးနောက် ဖြစ်စဉ်အား စိစစ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ဂဲကြီးကျေးရွာနေ ဦးဇေယျာကိုကိုဝင်း(၃၉)နှစ် မောင်းနှင်ပြီး နေပြည်တော်၊ ဇေယျာသီရိမြို့နယ်နေ ကိုရဲရင့်နိုင်(၂၂) နှစ်လိုက်ပါလာသည့် NPW-2 3F/XXXX ဆီဘောက်ဆာယာဉ်သည် ရန်ကုန်-မန္တလေးကားလမ်း(ဟောင်း)မိုင်တိုင်အမှတ် ၁၃၈ မိုင်၊ ၂ ဖာလုံနှင့် ၃ ဖာလုံကြားလမ်းဘေး၌ ခေတ္တရပ်နားနေစဉ် KNU နှင့် PDF ပူးပေါင်းအဖွဲ့ (အင်အားစိစစ်ဆဲ)ရောက်ရှိလာပြီး ဆီဘောက်ဆာယာဉ်အား အဆိုပါမီးရထားလမ်းပေါ်သို့ မောင်းနှင်ရပ်တန့်ခိုင်းကာ ၎င်းတို့နှစ်ဦးအား ယာဉ်ပေါ်မှဆင်းခိုင်း၍ မော်တော်ယာဉ်အား မီးရှို့ဖျက်ဆီးသွားကြောင်း၊ အဆိုပါနေရာအနီး “ဒီဇင်ဘာ” ထမင်းဆိုင်ရှေ့ကားလမ်းပေါ်၌ ကုန်တင်ယာဉ် နှစ်စီးအား လမ်းပိတ်ရပ်တန့်ထားခိုင်းခဲ့ကြောင်းနှင့် ၎င်းအကြမ်းဖက်အဖွဲ့ သည် ဂုံမင်းတာကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားကာ ဂုံမင်းတာကျေးရွာနေ ရာအိမ်မှူး ဦးချစ်အောင်(ခ) မျိုးကိုကို(၄၃)နှစ်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သော ကြောင့် ဦးချစ်အောင်(ခ)မျိုးကိုကိုတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ နိုင်ငံပိုင် မီးရထားအား ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် ပုဂ္ဂလိကပိုင် ဆီဘောက်ဆာယာဉ်အား မီးရထားလမ်းပေါ်တင်ကာ မီးရှို့ဖျက်ဆီးသည့်အပြင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် KNU နှင့် PDF များအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
