၂၅.၈.၂၀၂၅
Translated by Htwe Ko Tun
အနောက်အုပ်စုနိုင်ငံတွေနဲ့ ယူကရိန်းသမ္မတ ဇယ်လန်စကီးတို့ဟာ ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပိတ်ဆို့ဟန့်တားတာတွေ လုပ်နေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်က တွေ့ဆုံမေးမြန်းပွဲတစ်ခုမှာ ဩဂုတ်လ ၂၄ ရက်က ပြောခဲ့ပါတယ်။
ဆာဂျီလက်ဗ်ရော့ဗ်က Russia-1 TV နဲ့ တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့ရာမှာ “အနောက်အုပ်စုနိုင်ငံတွေအနေနဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေကို တားဆီးဖို့ အကြောင်းပြချက်တစ်ခုကို ရှာဖွေနေကြတယ်။ ဇယ်လန်စကီးကလည်း ဇွတ်တရွတ်နိုင်ပြီး ရုရှားသမ္မတပူတင်နဲ့ ခုချက်ချင်းတွေ့ဆုံလိုတယ်လို့ပဲ တောင်းဆိုနေတယ်”လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် လက်ဗ်ရော့ဗ်က ဥရောပနိုင်ငံတွေအနေနဲ့ ရုရှားသမ္မတ ပူတင်နဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်တို့ ပြုလုပ်ခဲ့တဲ့ တိုးတက်မှုကို ပျက်စီးအောင်လည်း ကြိုးစားနေကြတယ်လို့ ပြောခဲ့ပါသေးတယ်။
သူက အလက်စကာပြည်နယ်မှာ ဩဂုတ်လ ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ ခေါင်းဆောင်နှစ်ဦးရဲ့ဆွေးနွေးပွဲမှာ သမ္မတပူတင်က တချို့ကိစ္စတွေမှာဖြေလျော့မှုတွေ သဘောတူခဲ့တယ်လို့ ထောက်ပြခဲ့ပါတယ်။
လက်ဗ်ရော့က ပူတင်နဲ့ ဇယ်လန်စကီးတို့ တွေ့ဆုံဖို့ စီစဉ်မထားပေမယ့် အစည်းအဝေးအစီအစဉ် အသင့်ဖြစ်နေရင် သမ္မတပူတင်က တက်ရောက်ဖို့ အသင့်ရှိတယ်ဆိုတာ ထပ်မံပြောခဲ့ပါတယ်။
ဒီအတောအတွင်းမှာ ရုရှားနဲ့ ယူကရိန်းတို့ကလည်း စစ်ပွဲမှာအပြန်အလှန်တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေကြတာဖြစ်ပြီး ရုရှားနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနဲ့ နျူကလီယားဓာတ်အားပေးစက်ရုံတို့ကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Ref- Press TV

