၂၅. ၈. ၂၀၂၅
Written by Nay Moe
လက်နက်မဲ့အမျိုးသမီးကြီးတစ်ဦးကို “သတင်းပေး/ဒလန်”ဟု စွပ်စွဲကာ ညောင်ဦး PDF ငါးဦးက ပစ်ခတ်သတ်ဖြတ်မှု UNESCO ၏ ရှေးဟောင်းအမွေအနှစ်ဒေသ ပုဂံညောင်ဦးမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၃ ရက် မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ စဉ့်ကူ(တောင်)ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် အဆိုပါကျေးရွာနေ ဒေါ်အိအိခိုင်(၅၀)နှစ်သည် ၎င်း၏ နေအိမ်၌ ရှိနေစဉ် PDF ငါးဦး(စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး “သတင်းပေး/ဒလန်” ဟု ပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုနှစ်ဇန်နဝါရီ ၅ ရက်တွင် ညောင်ဦးပကဖအဖွဲ့ ပုဂံပြည်ဘီလူးတပ်မှ PDF များက ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ်ဒေသဖြစ်သော ပုဂံညောင်ဦးဒေသအတွင်း NUG ခိုင်းစေချက်နှင့်အညီ စစ်ဆင်ရေးလုပ်ဆောင်မည်ဟုကြေညာကာ ပြီးခဲ့သည့်ခြောက်လအတွင်း လက်နက်မဲ့ပြည်သူများစွာကို သတ်ဖြတ်လုယက်ခြင်းနှင့် ဆယ်တန်းပြန်ဖြေမည့် ကျောင်းသားကျောင်းသူကိုးဦးနှင့် မိသားစုများကို တပ်မတော်က စောင့်ရှောက်ပေးထားသည့်ကြားမှ ပြန်မဖြေအောင် ခြိမ်းခြောက်မှုပြုသည့်အဆုံး ဇွန်လ ၃၀ ရက်မှ ဇူလိုင် ၂ ရက်အထိ စစ်ကြောင်းထိုးရှင်းလင်းရာ PDF ၁၁ ဦး သေဆုံးသွားပြီးနောက် ယခုအချိန်တွင် လက်နက်မဲ့ပြည်သူများကို “သတင်းပေး/ဒလန်”ဟု စွပ်စွဲကာ လိုက်လံ လက်တုံ့ပြန် ဖမ်းဆီးသတ်ဖြတ်မှုများ ပိုမိုဖြစ်ပွားနေသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုအချိန်အထိ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင် ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
