၂၂. ၈. ၂၀၂၅
Translated by Thettant
မြန်မာနယ်စပ်အနီး ထိုင်းနိုင်ငံ ချင်းမိုင်နှင့် လမ်ဖွမ်ပြည်နယ်များတွင် ပြီးခဲ့သည့် ဩဂုတ်လ ၂၀ ရက်က ထိုင်းအမျိုးသမီးတစ်ဦးကို အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေသို့ရောက်အောင် ဖြစ်စေခဲ့သည့် တရားမဝင် ကိုယ်ဝန်ဖျက်ချမှုများအတွက် သံသယရှိသူ ၇ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ထိုင်းအမျိုးသမီးတစ်ဦးသည် ကိုယ်ဝန်ဖျက်ချဆေးများကို အွန်လိုင်းမှ မှာယူသောက်သုံးပြီးနောက် သားအိမ်ပွင့်ထွက်သွားပြီး သွေးအလွန်အကျွံ ဆုံးရှုံးခဲ့သဖြင့် ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ခဲ့ရသည်။ ထိုဖြစ်စဉ်ကြောင့် စားသုံးသူကာကွယ်ရေးရဲတပ်ဖွဲ့ (CPPD) က စုံစမ်းစစ်ဆေးမှု စတင်ခဲ့ခြင်းဖြစ်သည်။ အစီရင်ခံစာတွင် ၎င်းအမျိုးသမီး၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေကို ဖော်ပြထားခြင်းမရှိပေ။
CPPD သည် ကိုယ်ဝန်ဖျက်ဆေးရောင်းချသည့် အွန်လိုင်းဆိုင်ကို စုံစမ်းစစ်ဆေးခဲ့ပြီး ဆက်စပ်နေသည့် သံသယရှိသူ ၇ ဦးကို ဖော်ထုတ်နိုင်ခဲ့သည်။ ရဲအရာရှိများသည် တရားရုံးမှ ဖမ်းဝရမ်းရယူပြီးနောက် ချင်းမိုင်နှင့် လမ်ဖွန်ရှိ နေရာသုံးခုကို ဝင်ရောက်စီးနင်းကာ သံသယရှိသူများကို ဖမ်းဆီးခဲ့သည်။
စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ သံသယရှိသူများသည် ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ ဝန်ဆောင်မှုများကို လူမှုမီဒီယာပလက်ဖောင်းများနှင့် ဝက်ဘ်ဆိုက်များတွင် ကြော်ငြာခဲ့သည်။ အချို့သော ကြော်ငြာများသည် အလားအလာရှိသော ဖောက်သည်များ၏ ယုံကြည်မှုကို ရရှိစေရန်အတွက် အမျိုးသမီးဆရာဝန်တစ်ဦးနှင့် တိုင်ပင်ဆွေးနွေးနိုင်ကြောင်း လိမ်လည်ပြောဆိုခဲ့သည်။
ထို့အတူ ဖမ်းဆီးခံရခြင်းမှ ရှောင်ရှားရန်အတွက် ဆေးဝါးများကို ပို့သူ၏လိပ်စာကို ဖုံးကွယ်၍ ပို့ဆောင်ခဲ့ပြီး ငွေပေးချေမှုများကို ငွေလွှဲပေးသူ အကောင့်များမှတစ်ဆင့် ပြုလုပ်ခဲ့သည်။ အချို့အခြေအနေများတွင် သံသယရှိသူများသည် ဆေးဝါးများကို ကိုယ်တိုင်သိုလှောင်ထားခြင်းမရှိဘဲ ပို့ဆောင်ရေးကုမ္ပဏီများတွင် ထားရှိကာ ၎င်းတို့ကိုယ်စား ပါဆယ်ထုပ်များ ပို့ဆောင်ရန် ဝန်ထမ်းများကို ညွှန်ကြားခဲ့သည်။
ဝင်ရောက်စီးနင်းစဉ်တွင် ရဲအရာရှိများသည် Cytotec ဆေးပြား ၃၀၀၊ Mifepristone ဆေးပြား ၈၆၀၊ Misoprostol ဆေးပြား ၃၆ ပြား၊ Miprase ဆေးပြား ၂၁၀၊ Mithoease ဆေးပြား ၁၁ ပြားနှင့် ကိုယ်ဝန်ရှိ/မရှိ စစ်ဆေးသည့် ကိရိယာများနှင့် အခြားပစ္စည်းများ အပါအဝင် သက်သေခံပစ္စည်း ၃,၁၃၈ ခုကို သိမ်းဆည်းရမိခဲ့ကာ အသက် ၄၃ နှစ်အရွယ် ထိုင်းအမျိုးသမီး နမ်အွိုင်လ်၊ အသက် ၄၉ နှစ်အရွယ် ထိုင်းအမျိုးသမီး လမ်ဖာ၊ အသက် ၃၈ နှစ်အရွယ် ထိုင်းအမျိုးသမီး စီရင်နာဖာ၊ အသက် ၅၇ နှစ်အရွယ် ထိုင်းအမျိုးသမီး လန်သွမ်၊ အသက် ၂၆ နှစ်အရွယ် ထိုင်းအမျိုးသမီး ဖတ်ချာရီဖွန်၊ အသက် ၃၆ နှစ်အရွယ် ထိုင်းအမျိုးသား နန်သာဝတ်နှင့် အသက် ၂၈ နှစ်အရွယ် လာအိုအမျိုးသမီး လေးဖုန်းတို့ကို ဖမ်းဆီးနိုင်ခဲ့သည်။
သံသယရှိသူ ၇ ဦးကို ဆေးဝါးများကို တရားဝင်ခွင့်ပြုချက်မရှိဘဲ ရောင်းချမှုဖြင့် စွဲချက်တင်ခဲ့ပြီး ယင်းပြစ်မှုအတွက် ထောင်ဒဏ် ၅ နှစ်အထိနှင့် ဘတ်ငွေ ၁၀,၀၀၀ အထိ ဒဏ်ငွေချမှတ်နိုင်သလို မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ ရောင်းချမှုဖြင့်လည်း စွဲချက်တင်ခဲ့ရာ အဆိုပါ စွဲချက်အရ ထောင်ဒဏ် ၃ နှစ်အထိနှင့် ဘတ်ငွေ ၅,၀၀၀ အထိ ဒဏ်ငွေချမှတ်ခံရနိုင်သည်။
CPPD ၏ တပ်မှူးဖြစ်သူ ဖတ်ထနာစက် ဘူဖာဆုဝမ်က ကိုယ်ဝန်ဆောင်အမျိုးသမီးများအား မိမိကိုယ်တိုင် ကိုယ်ဝန်ဖျက်ချဖို့ မကြိုးစားကြရန် တိုက်တွန်းခဲ့ပြီး ယင်းသည် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ကြောင်း သတိပေးခဲ့သည်။ ထိုင်းနိုင်ငံတွင် ကိုယ်ဝန်ဖျက်ချခြင်းသည် ယခုအခါ တရားဝင်ဖြစ်နေပြီဖြစ်သော်လည်း ဥပဒေတွင် သတ်မှတ်ထားသော အထူးအခြေအနေများ အောက်တွင်သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုင်းဥပဒေများဖြစ်သည့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၁ နှင့် ၃၀၅ နှင့် မျိုးဆက်ပွား ကျန်းမာရေးအက်ဥပဒေအရ အသက် ၁၅ နှစ်အထက် ကိုယ်ဝန် ၁၂ ပတ်ထက် မကျော်သေးသည့် အမျိုးသမီးများသည် အကြောင်းပြချက် ပေးရန်မလိုဘဲ တရားဝင် ကိုယ်ဝန်ဖျက်ချနိုင်သည်။ သို့သော် အသက် ၁၅ နှစ်အောက် မိန်းကလေးငယ်များသည် ၎င်းတို့၏ မိဘ သို့မဟုတ် အုပ်ထိန်းသူများထံမှ ခွင့်ပြုချက်ရယူရမည်ဖြစ်သည်။ ကိုယ်ဝန် ၁၂ ပတ်မှ ၂၀ ပတ်အတွင်းရှိ အမျိုးသမီးများသည်လည်း ဆရာဝန်နှင့် အခြားကျွမ်းကျင်သူများနှင့် စစ်ဆေးတိုင်ပင်ပြီးနောက် ကိုယ်ဝန်ဖျက်ချနိုင်သည်ဟုလည်း သိရပြီး အကြံဉာဏ်ရယူလိုသော ထိုင်းကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့်လည်း နေ့စဉ် နံနက် ၁၀ နာရီမှ ည ၈ နာရီအထိ ရနိုင်သည့် 1663 ဟော့လိုင်းမှတစ်ဆင့် အထူးကုဆရာဝန်များနှင့် ဆက်သွယ်နိုင်သည်ဟု Thaiger ၏ ဖော်ပြမှုအရ သိရသည်။
Ref, Thaiger


