
၂၂. ၈. ၂၀၂၅
Translated by Thettant
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်မှ နှစ်နစ်ကျော်ကြာ ပျောက်ဆုံးနေသည်ဟု တိုင်ချက်ဖွင့် သတင်းပို့ထားသည့် ဆယ်ကျော်သက် မိန်းကလေးငယ်တစ်ဦးအား မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ဒါရမ်မြို့တွင် ဖြစ်ပွားခဲ့သော လူသတ်မှုနှင့်ပတ်သက်၍ ဖမ်းဆီးအရေးယူထားသည်။
ဒါရမ်ခရိုင်တွင် တင်သွင်းထားသည့် ဖမ်းဝရမ်းအရ ယခုအချိန် အသက် ၁၈ နှစ်အရွယ် ဂရေစီ အယ်လီဇဘက် ဖေရ် လန်ဒါကို ၂၀၂၃ ခုနှစ် မေလ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့သော အသက် ၂၃ နှစ်အရွယ် ခရစ္စတိုဖာ ပီဒရာဆန်တာ-ပီရက်ဇ်သေဆုံးမှုအတွက် ပြီးခဲ့သည့် တနင်္လာနေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
လန်ဒါကို ၂၀၂၃ ခုနှစ် ဇွန်လ သူမ ၁၆ နှစ်အရွယ်၌ တမ်ပါမြို့ရှိနေအိမ်မှ ပျောက်ဆုံးသွားခဲ့သည်ဟု သတင်းပို့တိုင်ကြားခဲ့သည်။ တစ်နှစ်ကြာပြီးနောက် ပျောက်ဆုံးကလေးများနှင့် အနိုင်ကျင့်ခံရသော ကလေးများဆိုင်ရာ အမျိုးသားအဆင့် ဗဟိုဌာနက သူမသည် ဒါရမ်မြို့သို့ ခရီးသွားခဲ့သည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။ သို့သော် သူမ၏ လက်ရှိတည်နေရာနှင့်ပတ်သက်၍ ယခုသီတင်းပတ်တွင် ဖမ်းဆီးခံရသည်အထိ အများပြည်သူသို့ ထုတ်ပြန်ခြင်းမရှိခဲ့ပေ။
ဒါရမ်ရဲတပ်ဖွဲ့နှင့် တရားရုံးမှတ်တမ်းများအရ သေဆုံးသူ ပီဒရာဆန်တာ-ပီရက်ဇ်နှင့် အမျိုးသမီးနှစ်ဦးတို့သည် ၂၀၂၃ ခုနှစ် မေလ ၃၀ ရက်နေ့၊ မွန်းတည့် ၁၂ နာရီခွဲခန့်တွင် Whippoorwill Park ပန်းခြံအနီးရှိ Honda Accord ကားတစ်စီးထဲတွင် ထိုင်နေစဉ် သံသယရှိသူ ၂ ဦးမှ ၃ ဦးခန့် သစ်တောထဲမှ ထွက်လာပြီး သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြသည်။ ပီဒရာဆန်တာ-ပီရက်ဇ်သည် ခေါင်းကို သေနတ်ဒဏ်ရာရရှိကာ သေဆုံးခဲ့ပြီး အမျိုးသမီးနှစ်ဦးလည်း ဒဏ်ရာများရရှိခဲ့သည်။

ဆေးဘက်ဆိုင်ရာ စစ်ဆေးရေးမှူးရုံး၏ ခန္ဓာဗေဒဆိုင်ရာ အစီရင်ခံစာအရ စုံစမ်းစစ်ဆေးသူများသည် အခင်းဖြစ်ပွားရာနေရာမှ 9mm နှင့် .223 ရိုင်ဖယ်ကျည်ခွံများ ရောနှောပါဝင်သော ကျည်ခွံ ၄၀ ကျော်ကို ပြန်လည်သိမ်းဆည်းရရှိခဲ့သည်။ ရှာဖွေရေးဝရမ်းတွင် ဖော်ပြထားသည်မှာ အနီးအနားရှိ အဆောက်အအုံတစ်ခုမှ လုံခြုံရေးကင်မရာမှတ်တမ်းတွင် သံသယရှိသူနှစ်ဦးသည် ကားကို ပစ်ခတ်ပြီးနောက် ခြေလျင်ထွက်ပြေးသွားပုံကို တွေ့ရှိခဲ့သည်။
လန်ဒါသည် ဤပစ်ခတ်မှုနှင့် မည်သို့ဆက်စပ်နေကြောင်း သို့မဟုတ် သူမသည် သေနတ်သမားများထဲမှ တစ်ဦးဟုတ် မဟုတ်ကိုမူ အာဏာပိုင်များက ပြောကြားခြင်းမရှိသေးပေ။ သူမ၏ ဖမ်းဝရမ်းတွင်လည်း ဖြစ်စဉ်ဖြစ်ပွားချိန်၌ သူမသည် ကားထဲတွင်ရှိနေခြင်း သို့မဟုတ် အနီးအနားတွင်ရှိနေခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်းမဖော်ပြထားဘဲ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။
တရားရုံးစာရွက်စာတမ်းများအရ ဤပစ်ခတ်မှုသည် အခြားလူပုဂ္ဂိုလ်နှစ်ဦးအကြား ကြိုတင်စီစဉ်ထားသော ခိုက်ရန်ဖြစ်ပွားမှုတစ်ခုမှ စတင်ခဲ့ပုံရသည်။ သတင်းနှင့်လေ့လာသူများ၏ ဖော်ပြချက်အရ ပီဒရာဆန်တာ-ပီရက်ဇ်နှင့် ကားထဲမှ မိန်းကလေးနှစ်ဦးထဲမှတစ်ဦးက အခြားမိန်းကလေးတစ်ဦးနှင့် တွေ့ဆုံရန် စီစဉ်ထားသောကြောင့် ထိုနေရာသို့ ရောက်ရှိနေခဲ့ခြင်းဖြစ်သော်လည်း အမှန်တကယ်ရောက်ရှိချိန်တွင်မူ ချုံခိုတိုက်ခိုက်ခံခဲ့ရသည်။
သို့သော် ပီဒရာဆန်တာ-ပီရက်ဇ်၏ မိခင်ဖြစ်သူ အမာလီယာ ပီရက်ဇ်ကမူ သူမ၏သားသည် သူငယ်ချင်းမလေးနှင့်အတူ DoorDash အစားအသောက်ပို့ဆောင်ရေးလုပ်ငန်းကို လုပ်ကိုင်ပြီး ကားထဲတွင် ထိုင်နေစဉ် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု Fox8 သတင်းဌာနသို့ ပြောကြားခဲ့သည်။
“လူအများအပြားဟာ သစ်တောထဲကနေ ထွက်လာပြီး သူတို့တွေကို ပစ်ခတ်ခဲ့တာ” ဟု သူမက ပြောကြားခဲ့ပြီး ရဲတပ်ဖွဲ့က အခြားသံသယရှိသူများ လွတ်မြောက်နေဆဲဖြစ်ကြောင်း သူမကို အသိပေးခဲ့သည်ဟု ဆိုသည်။

မျက်ရည်များနှင့်သူမက “ကျွန်မသား ဒီလိုမခံစားထိုက်ပါဘူး။ သူတို့လုပ်ခဲ့တဲ့အပြစ်အတွက် အပြစ်ပေးခံရမယ်လို့ ကျွန်မယုံကြည်ပါတယ်။ သူဟာ ပြဿနာရှာဖို့ ထွက်သွားခဲ့တာမဟုတ်ပါဘူး။ ဒီလိုဘာကြောင့်ဖြစ်ရတာလဲဆိုတာ ကျွန်မတကယ်မသိပါဘူး။ သူဟာ နေရာမှား၊ အချိန်မှားကို ရောက်သွားတာပါ” ဟု ပြောကြားခဲ့သည်။
ပီဒရာဆန်တာ-ပီရက်ဇ်ကို မိသားစုဝင်များက ကြင်နာတတ်ပြီး အလုပ်ကြိုးစားသော လူငယ်တစ်ဦးဖြစ်သည်ဟု ဖော်ပြကြပြီး သူသည် မောင်နှမလေးဦးတွင် အကြီးဆုံးဖြစ်သည်။ သူ့ကို အမှတ်ရစေရန် စတင်ခဲ့သော GoFundMe ရန်ပုံငွေပွဲက “သူရဲ့ရှိနေခြင်းက မိသားစုအတွက် အလင်းရောင်နဲ့ နှစ်သိမ့်မှုတွေကို ယူဆောင်လာခဲ့တယ်” ဟု ဖော်ပြထားသည်။ “ခရစ္စတိုဖာဟာ သားတစ်ယောက်၊ အစ်ကိုတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်ထက် ပိုပါတယ်၊ သူဟာ ကျွန်တော်တို့ရဲ့ ဘဝမှာ အလင်းရောင်တစ်ခုပါပဲ။ သူရဲ့တည်ငြိမ်ပြီး အေးချမ်းတဲ့ပုံစံရှိနေခြင်းကြောင့် သူ့ပတ်ဝန်းကျင်က လူတိုင်းကို လုံခြုံတယ်လို့ ခံစားရစေပြီး၊ သူ့ရဲ့တန်ဖိုးကို သိစေခဲ့ပါတယ်” ဟု ရန်ပုံငွေစာမျက်နှာတွင် ရေးသားထားသည်။
လန်ဒါသည် အာမခံမရဘဲ ဒါရမ်ခရိုင်အကျဉ်းထောင်တွင် ဆက်လက်ထိန်းသိမ်းခံထားရသည်။ သူမသည် ယခုအပတ် အင်္ဂါနေ့တွင် ပထမဆုံးအကြိမ် တရားရုံးသို့ ရောက်ရှိခဲ့ပြီး စက်တင်ဘာလ ၁၁ ရက်နေ့တွင် ထပ်မံရုံးထုတ်ရန် စီစဉ်ထားသည်။
Ref , Daiky Mail UK
