




၂၂.၈.၂၀၂၅
Written By Thandar
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (ဗဟို)က ဖွင့်လှစ်ထားတဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး သရုပ်ဆောင် သင်တန်း ၁/၂၀၂၅ မှာ သရုပ်ဆောင် အကယ်ဒမီ လွင်မိုးနဲ့ အာကာမြင့်အောင်တို့က သရုပ်ဆောင်ပညာရပ်တွေကို ယနေ့ ဩဂုတ် ၂၂ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး လာရောက်သင်ကြားပို့ချ ပေးခဲ့ပါတယ်။
“ဒီနေ့ ကလေးတွေကို လာရောက်သင်ကြားပေးဖြစ်တာက သရုပ်ဆောင်ပိုင်းကိုပဲ အဓိကပြောပေးသွားတာပါ။ မြန်မာပြည်မှာက ဘာရှိလဲဆိုရင် မင်းသား၊ မင်းသမီး ဆိုပြီးရှိကြတယ်။ မင်းသား၊ မင်းသမီးဆိုတာက တစ်ချိန်တုန်းက ကြီးကျယ်ပြီး မင်းသားဆိုရင် ရိုက်ကွင်းတစ်ခုလုံးရဲ့ သခင်ကို ဖြစ်ခဲ့ကြတာပါ။ ဒီနေ့ခေတ်က တော့ အဲဒါမျိုးမရှိတော့ဘဲနဲ့ သရုပ်ဆောင်ရယ်လို့ပဲ ပြောင်းလဲသွားတယ်။ နိုင်ငံခြားမှာကတော့ အဓိကသရုပ်ဆောင်၊ ဇာတ်ပို့သရုပ်ဆောင်ရယ်လို့ပဲ ခွဲခြားထားပြီး မြန်မာပြည်မှာကတော့ မင်းသား၊ မင်းသမီးဆိုပြီးရှိတော့ ဒီဘက်ခေတ်ရဲ့အတိုင်းပဲ သရုပ်ဆောင်ရယ်လို့ ဖြစ်အောင်ရယ်၊ သရုပ်ဆောင်အလုပ်ကို ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်အောင်ရယ်နဲ့ အဲဒီကနေမှတစ်ဆင့် မင်းသား၊ မင်းသမီး လှမ်းနိုင်တယ်ဆိုတဲ့ အကြောင်းကို အဓိက သင်ကြားပေးခဲ့တာပါ”လို့ အကယ်ဒမီ လွင်မိုးက ပြောပါတယ်။
အဆိုပါ သင်တန်းကတော့ သရုပ်ဆောင်သင်တန်း ၁/၂၀၂၅ မှာ တက်ရောက် သင်ကြားနေကြတဲ့ သင် တန်းသူ၊ သင်တန်းသားတွေကို ဝါရင့်အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေက အပတ်စဉ်အလိုက် ရုပ်ရှင် အ တတ်ပညာရပ်တွေမျိုးစုံကို သင်ကြားပို့ချပေးလျက်ရှိတာလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ၁/၂၀၂၅ ရုပ်ရှင် သရုပ်ဆောင်သင်တန်းကို ထုတ်လုပ်သူတွေ၊ ဝါသနာ ရှင်တွေရဲ့ လိုအင်ဆန္ဒအရ ရုပ်ရှင်အစည်းအရုံးက ဖွင့်လှစ်လိုက်ခြင်းဖြစ်ပါတယ်။ ဒီသင်တန်းက စနစ်တကျ သင်ကြားမှုတွေနဲ့ ဆောင်ရွက်နိုင်ဖို့အတွက် သင်ကြားရေးကို ၁၀ နှစ်ကျော် ကျောင်းဖွင့်သင်ကြားထားတဲ့ အတွေ့ အကြုံရှိတဲ့ ဝါရင့်ပညာရှင် ၄ ဦးဖြစ်တဲ့ ဒါရိုက်တာ ဟိန်းစိုး၊ ဒါရိုက်တာ မောင်သီ၊ ဒါရိုက်တာ သီဟကျော်စိုး၊ သရုပ်ဆောင် ထူးသာတို့အပြင် အနုပညာရှင်တွေကလည်း ရုပ်ရှင်အတတ်ပညာနဲ့ပတ်သက်ပြီး သင်ကြားပို့ချ ပေးနေတာဖြစ်ပါတယ်။
