◾ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာအသင်း ထိပ်သီးအစည်းအဝေးကို နိုင်ငံ ၂၀ ကျော်က ခေါင်းဆောင်တွေ တက်ရောက်မည်ဟု သိရ

၂၂.၈.၂၀၂၅.
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံမြောက်ပိုင်း တီယန်ကျင့်မြို့မှာ ဩဂုတ်လ ၃၁ ရက်နဲ့ စက်တင်ဘာလ ၁ ရက်တို့မှာ ကျင်းပသွားမယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာအသင်း(SCO) ရဲ့ထိပ်သီးအစည်းအဝေးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တက်ရောက်မှာဖြစ်ပြီး အစည်းအဝေးနဲ့ဆက်စပ်နေတဲ့ အခြား အခမ်းအနားတွေအားလုံးပါ အိမ်ရှင်အဖြစ်လက်ခံ ဆောင်ရွက်ပေးမယ်လို့ ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ရှီက SCO ရဲ့ ၂၅ ကြိမ်မြောက် နိုင်ငံအကြီးအကဲများကောင်စီအစည်းအဝေးနဲ့ SCO Plus အစည်းအဝေးတို့မှာ သဘာပတိအနေနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီနောက် အဓိကကျတဲ့ မိန့်ခွန်းတွေကို ပြောကြားမယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်လ ၂၂ ရက်မှာ ကြေညာခဲ့ပါတယ်။
ထိပ်သီးအစည်းအဝေးမှာ တက်ရောက်တဲ့ခေါင်းဆောင်တွေကို ရှီက ညစာစားပွဲနဲ့ကြိုဆိုမှာဖြစ်ပြီး နှစ်ဖက်အကျိုးတူ ဆွေးနွေးပွဲတွေလည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒီထိပ်သီးအစည်းအဝေးက ယခုနှစ်အတွင်း တရုတ်နိုင်ငံရဲ့ အရေးအပါဆုံးနိုင်ငံတော်သံတမန်ရေးရာနဲ့ ပြည်တွင်းပြည်ပ သံခင်းတမန်ခင်းပွဲတွေထဲက တစ်ခုဖြစ်လာမယ်လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး လျူဘင်က သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။

အထက်ဖော်ပြပါ အစည်းအဝေး နှစ်ခုမှာ ရှီက ပြောကြားမယ့်မိန့်ခွန်းမှာ ရှန်ဟိုင်းစိတ်ဓာတ်ကို ရှေ့ဆက် သယ်ဆောင်ပြီး၊ ခေတ်ရဲ့ တာဝန်တွေကို ထမ်းရွက်ကာ ပြည်သူတွေရဲ့မျှော်လင့်ချက်တွေကို တုံ့ပြန်ဖို့ SCO အတွက် တရုတ်ရဲ့ မျှော်မှန်းချက်အသစ်နဲ့ အဆိုပြုချက်တွေကို အကျယ်တဝင့် ပြောလိမ့်မယ်လို့ လျူဘင် က ပြောခဲ့ပါတယ်။
ရှီက SCO ရဲ့ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူပြုဖို့ တရုတ်နိုင်ငံရဲ့ ဆောင်ရွက်မှုအသစ်တွေနဲ့ စီမံချက်တွေကို ထုတ်ပြန်ကြေညာမှာဖြစ်ပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း နိုင်ငံတကာအမိန့်ကို အပြုသဘောဆောင်ကာ ကာကွယ်ဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ်ကို မြှင့်တင်ဖို့ အဖွဲ့အစည်းအတွက် နည်းလမ်းသစ်တွေနဲ့ လမ်းကြောင်းတွေကို အဆိုပြုမယ်လို့လည်း လျူဘင် က ပြောကြားထားပါတယ်။
ရှီက တခြား SCO အဖွဲ့ဝင်နိုင်ငံတွေမှ ခေါင်းဆောင်တွေနဲ့ ပူးတွဲ၍ ကြေညာချက် ထုတ်ပြန်မှာဖြစ်ပြီး လာမည့် ၁၀ နှစ်အတွက် SCO ၏ ဖွံ့ဖြိုးတိုးတက်ရေး ဗျူဟာကို အတည်ပြုမယ်လို့ သိရပါတယ်။ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်ပွဲနှစ် ၈၀ ပြည့် အထိမ်းအမှတ်နဲ့ ကုလသမဂ္ဂ တည်ထောင်မှု နှစ် ၈၀ ပြည့် အထိမ်းအမှတ်ထုတ်ပြန်ချက်တွေ ထုတ်ပြန်မယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် လုံခြုံမှုခိုင်မာရေး၊ စီးပွားရေး၊ ပြည်သူမှပြည်သူဆက်သွယ်မှုနဲ့ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုတွေအတွက် စာချုပ်စာတမ်းတွေ သဘောတူ လက်ခံလက်မှတ်ထိုးကြမှာလည်း ဖြစ်ပါတယ်။
၂၅ ကြိမ်မြောက်ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာအသင်း ထိပ်သီးအစည်းအဝေးကို ရုရှားသမ္မတအပါအဝင် နိုင်ငံ ၂၀ ကျော်က ခေါင်းဆောင်တွေ တက်ရောက်ကြမယ်လို့ သိရပါတယ်။
Ref- Xinhua, Hindustan Times
