
၂၂. ၈. ၂၀၂၅
Written by Thettant
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် ဆွမ်းဆန်စိမ်းအလှူခံထွက်လာသည့် သီလရှင်ဆရာလေးတစ်ပါး ဦးနှောက်သွေးကြောပေါက်၍ ကွယ်လွန်သွားမှု ယမန်နေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော သီလရှင်ဆရာလေးများ၏ ဝမ်းနည်းသံဝေဂများအရ အဆိုပါဖြစ်ရပ်မှာ ယနေ့ ဩဂုတ်လ ၂၁ ရက် နေ့လယ် ၂ နာရီဝန်းကျင်က မြောက်ဥက္ကလာပမြို့နယ်ရှိ ပိုင်ဇေ ကားတာယာအပိုပစ္စည်းဆိုင်ရှေ့တွင် သီလရှင်ဆရာလေးများ ဆွမ်းဆန်စိမ်း အလှူခံနေစဥ် အဆိုပါ သက်တော် ၃၄ နှစ်အရွယ် ဆရာလေး ဒေါ်ဝဏ္ဏစာရီမှာ ရုတ်တရက်အမောဖောက်၍ အသက်ရှူကျပ်မှုကြုံခဲ့ရာ အနီးပတ်ဝန်းကျင်ရှိသူများနှင့် အခြားသောသီလရှင်ဆရာလေးများက ဝိုင်းဝန်းပြုစုကြသော်လည်း ကွယ်လွန်သွားခြင်း ဖြစ်သည်။

ဆင်ပေါင်ဝဲမြို့၊ ညောင်ပင်သာရွာ ဇာတိဖြစ်သည့် ဆရာလေး ဒေါ်ဝဏ္ဏစာရီ ပျံလွန်ရမှုအပေါ် သုစိတ္တာဒေဝီအမည်ဖြင့် Facebook သုံးစွဲသူက ကွယ်လွန်သူမှာ သန်လျင်မြို့နယ်၊ ခေမာရာမကျောင်းတိုက်မှ သီလရှင်ဆရာလေးဖြစ်ကြောင်းနှင့် “ကောင်းရာသုဂတိရောက်ပါစေ ဆရာလေး ဘုရား မဝဏ္ဏစာရီ အသက် ၃၄ နှစ်၊ ၂၁. ၈. ၂၀၂၅ ခုနှစ် နေ့လယ် ၂ နာရီခန့် ကွယ်လွန်သည်။” ဟုလည်း ဝမ်းနည်းစွာရေးသားထားသည်။

ဦးနှောက်သွေးကြောပေါက်၍ ကွယ်လွန်သူ ဆရာလေးဒေါ်ဝဏ္ဏစာရီသည် သဘောထားကောင်းကာ အေးချမ်းပြီး ဗုဒ္ဓစာပေသင်ကြားမှုအရာ၌ ထူးချွန်သူဖြစ်ကြောင်း၊ လှူသူနည်းပါးသည့် သီလရှင်ဆရာလေးများ နေမကောင်းသည့်ကြားမှ ဆွမ်းဆန်စိမ်းအလှူခံရခြင်းမျိုး လွန်မြောက်စေလိုကြောင်းလည်း သီလရှင်ဆရာလေးများက ဝမ်းနည်းစကားဆိုထားကြသည်။
ဓာတ်ပုံ – သုစိတ္တာဒေဝီ
