၂၂.၈.၂၀၂၅
Written by Hey Mar
သစ်ပင်တက်ခုတ်ရာက ဓာတ်လိုက်ကာ သစ်ပင်ပေါ်က ပြုတ်ကျပြီး ထိခိုက်ဒဏ်ရာရရှိမှုဖြစ်စဉ် မနေ့က ဩဂုတ်လ ၂၁ ရက် မနက် ၉ နာရီခွဲခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ ဧရာမင်းသားလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဓနုဖြူမြို့နယ်၊ ရေတွင်းကုန်းကျေးရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြုတ်ကျတဲ့ အမျိုးသားက အသက် (၃၆) နှစ်အရွယ်လို့ သိရပါတယ်။ အဆိုပါအမျိုးသားက သစ်ပင်ရဲ့ လမ်းမပေါ်ထိုးကျတဲ့ သစ်ကိုင်းတွေကို တက်ခုတ်ရာက သစ်ကိုင်းက ဓာတ်ကြိုးပေါ်တင်ပြီး ဓာတ်လိုက်ကာ သစ်ပင်ပေါ်က ပြုတ်ကျခဲ့တာကြောင့် ဦးခေါင်း ပေါက်ပြဲ၊ လက်မောင်းရိုးကျိုးတဲ့ ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။
တာဝန်သိပြည်သူတွေက လူမှုကူညီရေးအသင်းထံ ဆက်သွယ်အကူအညီ တောင်းလာတာကြောင့် ဧရာမင်းသားလူမှုကူညီရေးအသင်းက ဓနုဖြူမြို့ပြည်သူ့ဆေးရုံကြီးဆီပို့ ဆောင်ပေးခဲ့ပြီး ဆေးရုံက ရန်ကုန်ပြည်သူ့ဆေးရုံကြီးဆီ ထပ်မံလွှဲပြောင်းပေးခဲ့လို့ ချိတ်ဆက်ပို့ဆောင်ခဲ့ကြောင်းလည်း သိရပါတယ်။
ဓာတ်လိုက်မှုအန္တရာယ်ဟာ မိုးရာသီမှာ အဖြစ်များတာကို တွေ့ရှိကြရမှာဖြစ်သလို ဓာတ်အားလိုင်းပေါ်ကို သစ်ကိုင်းသစ်ခက်တွေတင်နေတာကို ရှင်းလင်းတာ၊ သစ်ပင်လမ်းနဲ့ မလွတ်လို့ ခုတ်ထွင်တာမျိုးတွေ ပြုလုပ်ပါကလည်း မိုးရွာနေတဲ့အချိန်၊ ရေစိုနေတဲ့ အချိန်တွေမှာ မိမိသဘောနဲ့ ကိုယ်တွယ်ပြုလုပ်တာမျိုးတွေ မလုပ်သင့်ဘဲ သက်ဆိုင်ရာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးတွေဆီ မြန်နိုင်သမျှ မြန်မြန်အကြောင်းကြားကာ တာဝန်ရှိသူများ လာရောက်ရှင်းလင်းတာကို စိတ်ရှည်စွာ စောင့်ဆိုင်းကြဖို့လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။

