၂၂.၈.၂၀၂၅
Written By Thandar
Myanmar Star Season 3 သီချင်းဆိုပြိုင်ပွဲကြီးမှာ Judge တစ်ယောက်အဖြစ်ပါဝင်နေတဲ့ တေးရေး တေးဆို အဆိုတော် ရေဗက္ကာဝင်းက သီချင်းဆိုပြိုင်ပွဲဝင်တွေရဲ့ သီဆိုမှုကိုပဲဝေဖန်ပြီး Talent တွေနဲ့ ပတ်သက်ပြီး မဝေဖန်ပါဘူးလို့ ဖွင့်ဟလာပါတယ်။
“ခုရက်ပိုင်းမှ ပြိုင်ပွဲက ပြန်စတာဆိုတော့လေ ၂ ရက်လောက်ပဲ သွားထိုင်ဖြစ်သေးတာမို့ လာပြိုင်ကြတဲ့သူတွေက ကောင်းကြပါတယ်။ အဆိုတော်ကကြတော့ သီချင်းဆိုရတဲ့ Stress ရှိတယ်။ ဒိုင်လုပ်တာက သူများကို ဝေဖန်ရတာဖြစ်နေတော့ နည်းနည်းလည်း အားနာမိတယ်။ နည်းနည်းလည်း မျက်နှာပူရတာပေါ့။ ကိုယ်က ပြိုင်ပွဲဝင်တချို့ကို ဖြုတ်ချရတာဆိုတော့လေ။ စိတ်တွေလည်း မကောင်းပါဘူး။ ပြိုင်ပွဲဆိုတာကလည်း လိုအပ်တဲ့သူတွေကို အကန့်အသတ်ရှိတာမို့လေ။ တချို့ တော်တဲ့ ကလေးတွေရှိပေမယ့်လည်း သူ့ထက်တော်တဲ့သူရှိတော့ ဖြုတ်ချခဲ့ရတာပေါ့။ အပြင်မှာတော့ အမက အဲ့လောက် စိတ်မမာပါဘူး။ အမတို့ကလေ ပြိုင်ပွဲဝင်တွေကိုပဲ ဝေဖန်တာပါ။ Talent တွေနဲ့ ပတ်သက်ရင်တော့ မဝေဖန်ပါဘူး” လို အဆိုတော် ရေဗက္ကာဝင်းက ပြောပါတယ်။
သူမနဲ့ အတူ အဆိုပါပြိုင်ပွဲမှာ Judge တွေအဖြစ် ချောစုခင်၊ ခင်ရတနာစိုးနဲ့ မကြာသေးခင်ကမှ လမ်းတကာလှည့်လည် သီဆိုကာ ငွေကြေးတောင်းခံရင်း လူသိများလာတဲ့ မျက်မမြင်အဆိုတော် အောင်ကိုကိုတို့နဲ့အတူ ပါဝင်သွားမှာလည်းဖြစ်ပါတယ်။
Myanmar Star သီချင်းဆိုပြိုင်ပွဲရဲ့ Judge အနေနဲ့ ယခင်နှစ်တွေကတော့ တေးရေးဆရာ စောခူဆဲ၊ တေးရေးဆရာ မြင့်မိုးအောင်၊ အဆိုတော် မေခလာ၊ ရေဗက္ကာဝင်းနဲ့ အနုပညာရှင်ဇင်အောင်တို့က ပါဝင်ဆောင်ရွက်လာခဲ့ပါတယ်။
“အမ ဒိုင်လုပ်တာ အရမ်းအခက်အခဲမရှိတော့လေ။ အမလုပ်စရာရှိတာပဲ လုပ်တာပါ။ လာပြိုင်သူတွေထဲမှာ ကိုယ့်ပရိသတ်တွေပါတာမို့ မဖြုတ်ချင်ပါဘူး။ အမ အဲလိုမလုပ်ချင်ဘူး။ လူဦးရေကလည်း သတ်မှတ်ထားတာမို့ စိတ်မဆိုးကြဖို့ ကြိုပြောချင်ပါတယ်။ အားလုံးကောင်းတဲ့အထဲက ပိုကောင်းတာရွေးရတာပါ”လို့ သူမက ဆက်ပြောပါတယ်။
Myanmar Star Season 3 Winner ဆုကြေးကို မြန်မာငွေကျပ် သိန်းတစ်ထောင့်နှစ်ရာ ချီးမြှင့်သွားမှာလည်းဖြစ်တယ်လို့ သိရပါတယ်။ ပြိုင်ပွဲမှာ ဥက္ကာဦးသာက Music director တာဝန်ယူပေးမှာဖြစ်ပြီးတော့ ထရေစီကတော့ Vocal coach တာဝန်ယူပေးမှာဖြစ်တယ်လို့ သိရပါတယ်။
