၂၂.၈.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ တရားရုံးတစ်ရုံးက ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာကို တော်ဝင်မိသားစုအား အသရေဖျက်စော်ကားမှုနဲ့ စွပ်စွဲထားတဲ့အမှုတစ်ခုမှာ လုံလောက်တဲ့ သက်သေအထောက်အထားပြည့်စုံစွာမရှိလို့ ပြောကြားကာ အမှုကို ဩဂုတ်လ ၂၂ ရက်မှာ ပယ်ချခဲ့ပါတယ်။

ဒီအမှုက ပြည်နှင်ဒဏ်ခံနေရတုန်းက ၂၀၁၅ ခုနှစ်အတွင်းမှာ သက်ဆင်က တောင်ကိုရီးယားသတင်းစာတစ်ခုနဲ့ တွေ့ဆုံမေးမြန်းပွဲပြုလုပ်ခဲ့တာကနေ အရင်းခံဖြစ်ပွားလာတာလို့ ဆိုပါတယ်။ အမှုကို သက်ဆင်နဲ့ သူ့ရဲ့ ညီမဖြစ်တဲ့ ယင်လပ်ရှင်နာဝပ်ထရာတို့ကို ဖြုတ်ချခဲ့တဲ့ ၂၀၀၆ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုတွေ ပြုလုပ်ခဲ့တဲ့ တော်ဝင်ဝါဒီ ထိုင်းစစ်တပ်က ဖွင့်ခဲ့တာပါပဲ။
အသက် ၇၆ နှစ်ရှိပြီ ဖြစ်တဲ့ သက်ဆင်အဖို့ စွပ်စွဲချက်တွေအရ ထိုင်းတော်ဝင်မိသားစုကို စွပ်စွဲဝေဖန်မှုတွေကနေ ကာကွယ်ပေးထားတဲ့ Lese majesty law ဥပဒေအရ တရားစွဲခံခဲ့ရမယ်ဆိုရင် ထောင်ဒဏ် ၁၅ နှစ်အထိ အပြစ်ကျခံရနိုင်တာပါ။
စီးပွားရေးလုပ်ငန်းရှင်ကြီးလည်းဖြစ်တဲ့ သက်ဆင်က တရားရုံးကို ထိုင်းဘုရင်စနစ်နဲ့ ဆက်နွယ်မှုရှိတယ်ဆိုရမယ့် အဝါရောင် ရှပ်အင်္ကျီလည်စည်းကို ဝတ်ဆင်ပြီး ရောက်ရှိလာတာပါ။ ဒီအရင်ကလည်း သက်ဆင်က သူ့အနေနဲ့ အမှားအယွင်းတစ်စုံတစ်ရာမဆောင်ရွက်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။ ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေအရ “ရိုသေလေးမြတ်သော ကိုးကွယ်မှု” အနေအထားမှာ တည်ရှိတဲ့ ထိုင်းဘုရင်ကို သစ္စာခံတယ် လို့လည်း သူက အကြိမ်ကြိမ် ကတိပြုခဲ့ပါတယ်။
သူ့အနေနဲ့ တရားဝင်အားဖြင့် ထိုင်းအစိုးရအဖွဲ့မှာ ရာထူးတစ်စုံတစ်ရာ ရယူထားခြင်းမရှိပေမယ့် နိုင်ငံရေးအရ တက်ကြွနေဆဲဖြစ်ပြီး အာဏာရဖျူထိုင်းပါတီရဲ့ နောက်ကွယ်မှာလည်းရှိနေတယ်လို့ ယူဆကြပါတယ်။ ဖျူထိုင်းပါတီအဖို့မှာလည်း အိမ်နီးချင်းကမ္ဘောဒီးယားနိုင်ငံနဲ့ ပဋိပက္ခဖြစ်ပွားမှုကြောင့် လူကြိုက်များမှုကိုလည်းဆုံးရှုံးရပြီး အန္တရာယ်များတဲ့အခြေအနေကိုရောက်နေရတဲ့အပြင် စီးပွားရေးတိုးတက်မှုကလည်း ထစ်ငေါ့နေရပါသေးတယ်။
သက်ဆင်ဟာ ၁၅ နှစ်ကြာ နိုင်ငံရပ်ခြားမှာ နေထိုင်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်မှာ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာချိန်မှာတော့ သူ့အပေါ် အာဏာအလွဲသုံးစားလုပ်မှုနဲ့ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခတွေကြောင့် ထောင်ဒဏ်ရှစ်နှစ်ကျခံဖို့ အပြစ်ချမှတ်ခံထားရတာကို ဘုရင် မဟာဝိဇယလောင်ကွန်းက ပြစ်ဒဏ်တစ်နှစ်သို့ လျှော့ချခဲ့ပါတယ်။
ဒါပေမယ့် သက်ဆင်အဖို့ ထောင်ထဲမှာလည်း တစ်ညတာမျှ မနေခဲ့ရဘဲ ဆေးဘက်ဆိုင်ရာ အကြောင်းပြချက်နဲ့ ရဲဆေးရုံရဲ့ဇိမ်ခံအဆောင်ကို ပြောင်းရွှေ့ပေးခံခဲ့ရကာ လွတ်ငြိမ်းချမ်းသာခွင့်မရမီ ခြောက်လကြာ နေခဲ့ရပါတယ်။
လုပ်ငန်းရှင်သူဌေးကြီးသက်ဆင်အဖို့ ထောင်ဒဏ်ကျခံခဲ့ရတာမရှိဘဲ အရေးကြီးပုဂ္ဂိုလ်တွေတက်ရောက်ရာ ဆေးရုံတစ်ရုံမှာ ၂၀၂၃ ခုနှစ်က ဆေးရုံတက်ရင်း ချုပ်နှောင်ခံထားခဲ့ရတယ်ဆိုတာက သူ့အပေါ် အာဏာအလွဲသုံးစားလုပ်မှုနဲ့ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခတွေကြောင့် ချမှတ်ထားတဲ့ထောင်ဒဏ်ကို အပြည့်အဝထမ်းဆောင်ရာ ရောက်မရောက်ကိုလည်း ထိုင်းနိုင်ငံရဲ အခြားတရားရုံးတစ်ရုံးက နောက်ထပ် ၁၈ ရက်အကြာမှာ ဆုံးဖြတ်မှာဖြစ်ပါတယ်။
သက်ဆင်ရဲ့ သမီးဖြစ်တဲ့ ဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာဟာလည်း ထိုင်းနဲ့ အိမ်နီးချင်း ကမ္ဘောဒီးယားတို့ကြား ဖြစ်ပွားခဲ့တဲ့ နယ်စပ်တိုက်ပွဲကြောင့် တင်းမာမှုဖြစ်နေတုန်းမှာ ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်း ဟွန်ဆန်နဲ့ ဖုန်းဆက်သွယ်ပြောကြားမှုက ပေါက်ကြားခဲ့ပြီးနောက် သံတမန်ရေးရာ ဖုန်းခေါ်ဆိုမှုအတွင်း သူ့ရဲ့အပြုအမူအပေါ် ကျင့်ဝတ်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုပြုလုပ်နေခိုက်မှာ ထိုင်းဝန်ကြီးချုပ်ရာထူးကနေ ဇူလိုင်လက ဆိုင်းငံ့ခံခဲ့ရပါတယ်။
ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကလည်း ပေတုံတန်ရဲ့အမှုအပေါ် စီရင်ချက်ကို ဩဂုတ်လ ၂၉ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီမှာ ချမှတ်မယ်လို့ ပြီးခဲ့တဲ့အပတ်က ကြေညာခဲ့ပါတယ်။
Ref- AFP
